ဘုန်းသန့်စင်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့သည် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ဖြစ်ပါသည်။ အဂတိလိုက်စားမှုများကို ကမ္ဘာ့နိုင်ငံများ စုပေါင်းစွမ်းအားဖြင့် တိုက်ဖျက်နိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ အရ ၂၀၀၃ ခုနှစ်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက် ရေးကွန်ဗင်းရှင်းကို ကမ္ဘာ့နိုင်ငံများက တညီတညွတ်တည်း သဘောတူပြဋ္ဌာန်းခဲ့ပါသည်။

ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဖွဲ့ဝင်နိုင်ငံ အချင်းအချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်း အောင်အောင်မြင်မြင် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၂၂)ကြိမ်အထိပင် ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည်လည်း ကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။ ယခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါ သည်။

အဂတိလိုက်စားမှုဆိုသည်မှာ ဘက်လိုက်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော ပြစ်မှုများကို ကျူးလွန် ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုပါ ထိခိုက်စေနိုင်သည့် ရာဇဝတ်မှုတစ်ခုပင် ဖြစ်သည်။ ဆင်းရဲချမ်းသာကွာဟမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများအတွက် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများက မတူညီနိုင်ကြသော်လည်း အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကိုမူ နိုင်ငံတိုင်းက ရင်ဆိုင်ကြုံတွေ့နေရသည်။

အဂတိလိုက်စားမှုများကြောင့် “ဒီမိုကရေစီ စနစ်နှင့် တရားဥပဒေစိုးမိုးရေးကို ယိုယွင်းပျက်စီး စေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေခြင်း၊ ဈေးကွက်များကို ပျက်စီးစေခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများကို လျော့ကျစေခြင်း” စသည့် ဆိုးကျိုးများကို နိုင်ငံကြီးငယ်မရွေး ခံစားနေကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆိုးကျိုးသက်ရောက်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟုဆိုသော်လည်း အဂတိလိုက်စားမှုသည် နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မည်သည့်အခြေအနေတွင် ရှိသည်ဖြစ်စေ ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်စေမည်သာဖြစ်သည်။

ဆိုးကျိုးသက်ရောက်မှုများ

ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအရ “အများပိုင်နှင့် ပုဂ္ဂလိကကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အလွဲသုံးစားပြုခြင်း၊ ဩဇာအာဏာကို သုံးစွဲ၍ မလျော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင် ကြွယ်ဝချမ်းသာခြင်း၊ ငွေကြေးခဝါချခြင်း၊ အဆိုပါပြစ်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးနှင့် ပစ္စည်းများကို ဖုံးကွယ်ခြင်း၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်း” စသည့် ပြစ်မှုများသည် အဂတိလိုက်စားမှုများပင် ဖြစ်သည်ဟု ဖော်ပြထားသည်။

အဂတိလိုက်စားမှုများကြောင့် “နိုင်ငံတော်၏ ပုံရိပ်နှင့် စွမ်းဆောင်မှုကျဆင်းခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ လုပ်ငန်းကဏ္ဍများ ကျဆင်းစေခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ယိုယွင်းပျက်စီးမှု ဖြစ်ပေါ်လာစေခြင်း၊ စီးပွားရေးဆုံးရှုံးမှုနှင့် အရည် အသွေးကျဆင်းစေခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှကွာဟမှုများ ဖြစ်ပေါ်စေခြင်း၊ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှု၊ ခြိမ်းခြောက်မှုနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်စေခြင်း၊ အခြေခံအဆောက်အအုံများ ဆုံးရှုံးခြင်း၊ မမှန်ကန်သော စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ ဖြစ်ပေါ်စေခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် တရား မျှတမှုမရှိခြင်း၊ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်စေခြင်း၊ လူ့အဖွဲ့အစည်းတွင် သဘောတရားကွဲလွဲမှု တိုးပွားလာခြင်းနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခြင်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများ ဖြစ်ပေါ်စေခြင်း၊ အများပြည်သူ ယုံကြည်မှုလျော့ကျခြင်းနှင့် ပူးပေါင်းပါဝင်မှု လျော့နည်းခြင်း” စသည့် ဆိုးကျိုးသက်ရောက်မှု များစွာကို ခံစားရနိုင်သည်။

အဂတိလိုက်စားမှုများကြောင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံခန့် ဆုံးရှုံးနေပြီး အဆိုပါ ပမာဏသည် ကမ္ဘာ့ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း ကျော်ခန့်ရှိသည်ဟု သိရသည်။ အဂတိလိုက်စားမှု ဖြစ်စဉ်များတွင် ပမာဏများပြားသော ငွေကြေးများ ပါဝင်နေတတ်သဖြင့် ငွေကြေးခဝါချမှုကဲ့သို့သော အခြားသော ပြစ်မှုများနှင့် ဆက်နွှယ်ဖြစ်ပွားလေ့ရှိသည်။ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စွဲဆိုသော ပြစ်မှုများတွင် များပြားသောအရေအတွက်ရှိသည့် ပိုင်ဆိုင်မှုများ ပါဝင်နေတတ်ပြီး ယင်းပစ္စည်းများတွင် နိုင်ငံတော်၏ အရင်းအမြစ်များ ပါဝင်နေသဖြင့် အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေပြန်သည်။ ပုံစံမျိုးစုံဖြင့် မမြင်ကွယ်ရာတွင် ပုံးကွယ်ဖြစ်ပွားလေ့ရှိသော အဂတိလိုက်စားမှုများကို ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်းသည် နိုင်ငံတော်၏ အရင်း အမြစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသာဖြစ်သည်။

လူငယ်များနှင့် လက်တွဲရန်လို

လူ့အဖွဲ့အစည်းအတွင်း အတွင်းလှိုက်စား၍ ကပ်ရောဂါအသွင် ပျံ့နှံ့နေသော အဂတိလိုက်စားမှု များကို တွန်းလှန်တိုက်ဖျက်ရာတွင် နိုင်ငံအတွင်းရှိ နည်းပညာများ၊ အရင်းအမြစ်များနှင့် လုံလောက်မှု မရှိနိုင်ပေ။ ဖြစ်ပွားသည့် ပမာဏနှင့် ဖြစ်ပေါ်နေသည့် ပုံစံတို့က အချိန်နှင့်အမျှ ပြောင်းလဲနေပြီး နိုင်ငံအတွင်း လျှို့ဝှက်သိုသိပ်စွာ ဖြစ်ပွားသည့် ပြစ်မှု အသွင်မှသည် နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် ဂိုဏ်းဖွဲ့ကျူးလွန်တတ်သော ပြစ်မှုများအသွင် ဖြစ်လာနေပြီ ဖြစ်သည်။ နိုင်ငံများ၏ စုပေါင်းစွမ်းအားဖြင့် နည်းပညာကအစပြု၍ အပြန်အလှန်ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်မှသာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်လာနိုင်မည်ဖြစ်ပါသည်။

အဂတိလိုက်စားမှုများ၏ သဘောသဘာဝသည် နောက်ကွယ်တွင် ဆက်နွှယ်နေသော ငွေကြေးနှင့် ပစ္စည်းပမာဏတို့မှာ မမျှော်မှန်းနိုင်လောက်အောင် များပြားနေတတ်သဖြင့် ဖြစ်ပွားပြီးမှ စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူဆောင်ရွက်သည့်အခါတွင် ဆုံးရှုံးမှုများနိုင်သည်။ မဖြစ်ခင် ကြိုတင်ကာကွယ် တားဆီးခြင်းဖြင့် နိုင်ငံတော်အတွက် “ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု၊ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု စသည်တို့ကို ကာကွယ်တားဆီးနိုင်သဖြင့်” ထိရောက်သော တားဆီးကာကွယ်ရေးနည်းစနစ်များကို နိုင်ငံများက စုပေါင်းရှာဖွေနေကြခြင်း ဖြစ်သည်။ ကုလသမဂ္ဂက နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် နှစ်စဉ်ဆောင်ပုဒ်များချမှတ်ကာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ များပူးပေါင်း၍ နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။

 သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာသော နည်းပညာစိန်ခေါ်မှုများနှင့်အတူ အဂတိလိုက်စားမှု ဖြစ်စဉ်များကလည်း နည်းပညာကို တလွဲအသုံးချ၍ နည်းလမ်းပေါင်းစုံ ကျူးလွန်ဖြစ်ပွားလာကြသည်။ ကမ္ဘာပေါ်တွင် လူငယ်ဦးရေ ၁ ဒသမ ၉ ဘီလီယံခန့် ရှိပြီး ထိုလူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ခန့်ရှိသည်ဟု သိရသည်။ ထို ၂၅ ရာခိုင်နှုန်းခန့်သော လူငယ်များသည် ကမ္ဘာကြီး၏ အနာဂတ်ပင်ဖြစ်သဖြင့် ထိုလူငယ်များ ဖြောင့်မတ်တည်ကြည်ကာ အဂတိလိုက်စားမှုများ ကင်းစင်နေမှသာ ကမ္ဘာကြီးကလည်း သာယာလှပလာမည်ဖြစ်သည်။

ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားကို အသုံးချ၍ ၎င်းတို့နှင့် လက်တွဲကာ အနာဂတ်ကမ္ဘာကို ဖြောင့်မတ်တည်ကြည်မှု၊ အဂတိလိုက်စားခြင်းကင်းစင်မှုတို့ဖြင့် ပုံဖော်နိုင်ရေး အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၂၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကို “ဖြောင့်မတ်တည်ကြည်သော အနာဂတ် ကို ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့ - Uniting with Youth Against Corruption : Shaping Tomorrow’s Integrity” ဟု ချမှတ်ထားခြင်းဖြစ်သည်။

ကွန်ဗင်းရှင်းအဖွဲ့ဝင်မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာနှင့် လက်တွဲဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို စတင် ဖွဲ့စည်းခဲ့ကာ အဂတိပယ်ခွာပြည်သာယာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားလျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိသည်။

အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးနှင့် အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူနိုင်ရေးအတွက် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး” စသည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

အသေးစားအဂတိလိုက်စားမှုများ လျော့နည်းကျဆင်းလာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုတိုးတက်လာစေရေး အတွက် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကိုလည်း ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၃ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ သုံးခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ဝန်ဆောင်မှုရယူသော ပြည်သူများအနေဖြင့် မိမိတို့ ရယူသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သဘောထား အကြံပြုချက်များကို Short Code နံပါတ် 1111 မှတစ်ဆင့် ပြန်လည်ကာ ဖော်ပြပေးပို့နိုင်သည်။

လူငယ်အသိပညာပေး

ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာတွင် မျိုးဆက်သစ် လူငယ်များ၏ စွမ်းအားကိုလည်း ဖယ်ချန်ထားခြင်း မရှိပေ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုသည်မှာ လူတို့၏ ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်မှုများကို ဥပဒေနှင့်အညီ တည့်မတ်ပေးခြင်းသာဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ဆောင်ရွက်ခြင်းသည် အဂတိလိုက်စား မှု တိုက်ဖျက်ရေး၏ အနှစ်သာရဟုပင် ဆိုနိုင်သည်။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည်နှင့်အညီ မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးအတွက် ကျင့်ဝတ်လိုက်နာ ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု - Edutain-ment အစီအစဉ်များ ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ်အဖြစ် အခြေခံပညာကျောင်း ၃၂၁ ကျောင်းတွင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများကိုလည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် စာသင်ကျောင်း ၄၅ ခုတွင် ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပြင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှု စံတန်ဖိုးများကို သိရှိလိုက်နာတတ်သူများ ဖြစ်လာ စေရေးတွင် အခြေခံပညာ ဆရာ ဆရာမများ၏ အခန်းကဏ္ဍကလည်း အရေးကြီးသဖြင့် ဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ်လူငယ်များ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုသင်ကြားပေးနိုင်ရေးအတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သည့် “ဆရာ ဆရာမများ မွမ်းမံသင်တန်းများ”၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာ ဆွေးနွေးပို့ချခြင်းကို ၂၁၃ ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခု ဖြစ်သည့်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် ရုပ်ပြသရုပ်ဖော်တေးသီချင်းများ ထုတ်လွှင့်ခြင်း၊ Animation ဇာတ်လမ်းတိုနှင့် ပြဇာတ်များ ပြသခြင်းတို့ကို ဆောင်ရွက်နေသည်ကို တွေ့ရသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာ ပေးစကားဝိုင်း”ကိုလည်း ထုတ်လွှင့်ပြသလျက်ရှိပြီး မျိုးဆက်သစ်လူငယ်များအပါအဝင် နိုင်ငံသူ နိုင်ငံသားတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ့ဘဏ္ဍာ မဆုံးရှုံးစေရေး

နိုင်ငံတော်၏ အရင်းအမြစ်များ ဘဏ္ဍာရန်ပုံငွေများကို အဂတိလိုက်စားမှုများကြောင့် လေလွင့် ဆုံးရှုံးမှုမရှိစေရေး ကာကွယ်ပေးခြင်းဖြင့် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာရန်ပုံငွေများ ပိုမိုရရှိ လာနိုင်သည်။ မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး ရည်မှန်းချက်များကိုလည်း ပြည့်ဝစေနိုင်သည်။

သို့ဖြစ်ရာ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မြန်မာငွေကျပ် ၃၆ ဒသမ ၆၉ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည် သိမ်းဆည်းပေးသွင်းနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေး ကာကွယ်ပေးမှုအနေဖြင့် မြန်မာ ငွေကျပ် ၂၁၅ ဘီလီယံကျော်နှင့် ယူရို ၃ သန်းကျော် ရှိခဲ့သည်ဟု သိရသည်။

ဂုဏ်ယူစွာဖြင့်

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အာဆီယံအဂတိ လိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံများ စသည်ဖြင့် နိုင်ငံတကာနှင့် မျက်ခြည်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့လည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသည်ကို တွေ့ရသည်။

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အဖွဲ့၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကာ ၂၀၂၆ ခုနှစ်တွင် အဖွဲ့၏ အစည်းအဝေးများကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ကိစ္စရပ်များကိုပါ အောင်အောင် မြင်မြင် ဆွေးနွေးနိုင်ခဲ့သည်။ ယခုနှစ်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်နှင့် လိုက်လျောညီထွေရှိသည့် ASEAN Youth; Upholding Integrity, Building a Corruption-Free Future ဆိုသည့် ဆောင်ပုဒ်ဖြင့် အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ကျရောက်ခဲ့သည့် (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး “လူတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ ဘယာ စတဲ့ စိတ်အညစ် အကြေးတွေကြောင့် အဂတိကျူးလွန်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ၊ ကျောင်းသားတွေ ကျောင်းသူတွေကို ငယ်ရွယ်စဉ်ကစပြီး အဂတိ ကင်းရှင်းစေဖို့၊ စိတ်ထားဖြူစင်သန့်ရှင်းစေဖို့ အတွက် လူ့ဂုဏ်သိက္ခာနဲ့ လူမှုကျင့်ဝတ်တွေကို သွန်သင်ပြသဆုံးမပေးကြဖို့ လိုအပ်ပါတယ်”ဟု ထည့်သွင်းလမ်းညွှန်မှာကြားခဲ့သည်။

ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များနှင့် လက်တွဲလျက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေ သည်ကို တွေ့ရသည်။ ယခုနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ချမှတ်ထားသော “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေကြောင်း ရည်ရွယ်ရင်းဖြင့် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား

ကော်မရှင်ရုံး၏ အချက်အလက်များ၊

http://www.anticorruptionday.org/

ကော်မရှင်ရုံး Website (https://www.accm.gov.mm/)

နေ့စဉ်ထုတ်သတင်းစာများပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နေ့ဆောင်ပုဒ် ကြေညာချက်။