ပဲခူး ဒီဇင်ဘာ ၇

 

ရိုဘတ်စတာကော်ဖီနှင့် ပြည်ပပို့ကုန်အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူ လုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်း လုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးပွဲကို ဒီဇင်ဘာ ၅ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ရေမြေရာသီဥတု အခြေအနေနှင့်ကိုက်ညီသည့် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ ၁၁၂၄ ဧက စိုက်ပျိုးထားပြီးဖြစ်ကာ နှစ်စဉ် ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ရိုဘတ်စတာ(မြေနိမ့်) ကော်ဖီစိုက်ပျိုးရန် သီးခြားမြေနေရာ ရှာဖွေရန်မလိုအပ်ဘဲ ရှိပြီးသား  ရော်ဘာ၊ သစ်မာစိုက်ခင်းနှင့် နှစ်ရှည်ပင် စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးရခြင်းဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ရော်ဘာစိုက်ဧက ၁၁၀၀၀၀ ကျော်ရှိပြီး ရိုဘတ်စတာ (မြေနိမ့်)ကော်ဖီနှင့် ဝဥသီးနှံတို့အား သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိလာနိုင်မည် ဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရိုဘတ်စတာ (မြေနိမ့်) ကော်ဖီစိုက်ပျိုးနိုင်ရေး ပျိုးပင်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်က ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ ဈေးကွက်အခွင့်အလမ်းနှင့် တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲမှ ကော်ဖီပညာရှင် ဦးစောဝင်းနောင်က ကော်ဖီပျိုးထောင်စိုက်ပျိုးနည်း စနစ်များကို လည်းကောင်း၊ ရိုဘတ်စတာ (မြေနိမ့်) ကော်ဖီ ဝယ်ယူကြိတ်ခွဲတင်ပို့ ရောင်းချမှုနှင့်ပတ်သက်၍ ရိုဘတ်စတာ (မြေနိမ့်) ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းရှင် ဦးရာဇာရှင်းသန့်နှင့် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ ဝဥစိုက်ပျိုးရေး လုပ်ငန်းရှင် ဦးလှသိန်းတို့က ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကော်ဖီနှင့် ဝဥထုတ်ကုန်များကို ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)