ဒိုဟာ ဒီဇင်ဘာ ၇
ဂါဇာဒေသငြိမ်းချမ်းရေးအတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်ခြင်းမပြုနိုင်ပါက ရရှိထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ပျက်ပြယ်နိုင်ကြောင်း ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်ဗင်အဗ္ဗဒူရာမန် အယ်သာနီက ဒိုဟာ ထိပ်သီးဆွေးနွေးပွဲတွင် ဒီဇင်ဘာ ၆ ရက်က ပြောသည်။
ဂါဇာဒေသငြိမ်းချမ်းရေးရရှိရေးအတွက် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့များဆုတ်ခွာရန်လိုအပ်ပြီး ဒေသတွင်းရှိ ပါလက်စတိုင်းများအား လွတ်လပ်စွာသွားလာခွင့်ပြုရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
အောက်တိုဘာ ၁၀ ရက်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ တိုက်ခိုက်မှုများ ရပ်ဆိုင်းခဲ့သော်လည်း ဟားမတ်စ်အဖွဲ့ လက်နက်စွန့်ရေးကိစ္စရပ်တွင် သဘောထားကွဲလွဲမှုများရှိကြောင်း သိရသည်။ နိုဝင်ဘာအတွင်းက ကုလသမဂ္ဂအဆိုပြုခဲ့သည့် အစီအစဉ်အရ ဂါဇာဒေသ အား ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟုအမည်ရသည့် အုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များ တပ်စွဲရေးတို့ကို အဆိုပြုခဲ့သည်။ ပါလက်စတိုင်းဒေသခံများအား အစ္စရေးများနှင့် ခွဲထုတ်ရေးအတွက် ဆောင်ရွက်မည်ဟု တူကီယဲ နိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောသည်။ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များအား အဝါရောင်မျဉ်းအတွင်း တပ်စွဲကာ တိုက်ခိုက်မှုများကို စောင့်ကြည့်မည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဗားအဗ္ဗဒဲလက်တီက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


