ရန်ကုန် ဒီဇင်ဘာ ၇
မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၄)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒနှင့်အဖွဲ့ဝင် ပညာရှင်ကြီးများ စုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်များရေးဆွဲရာတွင် ဝါကြီးထပ်၊ ဝါငယ်ထပ်စသည်ဖြင့် ဝါထပ်၊ ရက်ငင် ကိစ္စရပ်များကို အထူးအလေးထားပြီး ရေးဆွဲကြရမည်ဖြစ်ကြောင်း၊ မြန်မာပြက္ခဒိန်သည် သာသနာ့ဝန်ကိုထမ်းဆောင်တော်မူကြသည့် ရဟန်း၊ သံဃာတော်များအတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အရေးပါသော သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန် ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာ ရေးသားပြုစုရေးတို့ကိုလည်း ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကျအတိုင်း ဝိုင်းဝန်းကြိုးပမ်း ပြုစုရေးဆွဲနိုင်ရန်အတွက်လည်း ပန်ကြားလိုပါကြောင်း တင်ပြလျှောက်ထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်ဩဝါဒစကား မိန့်ကြားတော်မူသည်။ ထို့နောက် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၄)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးနှင့် စပ်လျဉ်း၍ လျှောက်ထားရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီးများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်း၊ ဥက္ကဋ္ဌဆရာတော်က လိုအပ်သည်များကို ပြန်လည်မိန့်ကြားခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကားလျှောက်ထား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်


