ရန်ကုန်     ဒီဇင်ဘာ     ၇

ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(A) ဒုတိယနေ့ကို ဒီဇင်ဘာ ၇ ရက်က ချောင်ဘူရီမြို့၌ ဆက်လက်ကျင်းပရာ အင်ဒိုနီးရှားအသင်းက စင်ကာပူအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

သုံးသင်းသာပါဝင်သည့် အုပ်စု(A)တွင် အိမ်ရှင် ထိုင်းအသင်းက အုပ်စုပထမရရန် သေချာ သလောက်ရှိနေသဖြင့် ကျန်တစ်နေရာအတွက် အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းတို့ပွဲမှာ အဆုံး အဖြတ်ဖြစ်နေပြီး အင်ဒိုနီးရှားအသင်းက နိုင်ပွဲရယူကာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။ စင်ကာပူအသင်းသည်  ထိုင်းနှင့်ကစားရန် ကျန်သေးသော်လည်း အုပ်စုမှထွက်ရန် သေချာသွားပြီဖြစ်သည်။

၂၂ မိနစ်တွင် ဖာဟန်နက်စ်က စင်ကာပူအသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း ၃၁ မိနစ်တွင် အီဇာက  အင်ဒိုနီးရှားအသင်းအတွက်   ချေပဂိုး ပြန်သွင်းကာ ပထမပိုင်းအပြီး တွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၆၃ မိနစ်တွင် ကာလူဒီရာ၊ ၉၀+၅ မိနစ်တွင် အူလီယာတို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။

အုပ်စု (A) တွင် ထိုင်းအသင်းက တစ်ပွဲကစား သုံးမှတ်၊ အင်ဒိုနီးရှားအသင်းက ပွဲကုန် နှစ်ပွဲကစား သုံးမှတ်ရရှိထားပြီး စင်ကာပူအသင်းမှာမူ တစ်ပွဲကစား အမှတ်မရသေးပေ။ နောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၀ ရက်တွင် ထိုင်းအသင်းနှင့်  စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-FAS