မော်လမြိုင် ဒီဇင်ဘာ ၇

 

မွန်ပြည်နယ် မော်လမြိုင်မြို့ မြန်မာနိုင်ငံသား ဥပဒေရေးရာအကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ Sunshine Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဟိန္ဒူဘာသာရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌတို့က အဖွင့်နှုတ်ဆက် စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေရေးရာအကြောင်း အသိပညာပေးခြင်းနှင့် မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာဝင် အသင်းအဖွဲ့ ခေါင်းဆောင်များက တာဝန်ယူ၍ အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားများ ကိုင်ဆောင်သူများနှင့် မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခြင်း မရှိသူများအား စုဖွဲ့ ရှင်းလင်းခြင်း၊ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ကြမည်ဖြစ်ကြောင်းနှင့် ၎င်း တို့၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ စုဖွဲ့ပြီးပါက ပြည်နယ်ဦးစီးမှူးနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး လုပ်ငန်းစတင်မည်ဖြစ်ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)