မနီလာ ဒီဇင်ဘာ ၇
ဖိလစ်ပိုင်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် အလျင်အမြန်မြင့်တက်လာသော ခုခံအားကျဆင်းမှု၊ HIV ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် ရင်ဆိုင်နေရပြီး ပျမ်းမျှအားဖြင့် နေ့စဉ်ဖိလစ်ပိုင်နိုင်ငံသား ၆၁ ဦး စစ်ဆေးတွေ့ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းမှာ ယမန်နှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာပြီး နိုင်ငံတော်အဆင့် ဆောင်ရွက်ချက်များ အလျင်အမြန်ပြုလုပ်ရန် တောင်းဆိုထား သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို) သည် အာရှ-ပစိဖိတ်ဒေသတွင် ဖိလစ်ပိုင်၊ ဖီဂျီနှင့် ပါပူအာနယူးဂီနီနိုင်ငံများကို HIV ရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေသည့် နိုင်ငံများအဖြစ် ယခင်ကတည်းက သတ်မှတ်ဖော်ပြထားသည်။
ထို့အပြင် အဆိုပါသုံးနိုင်ငံသည် ဒေသတွင်း HIV ရောဂါကူးစက်ဖြစ်ပွားမှု လျင်မြန်စွာ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရကြောင်းလည်း ပြောသည်။ ဖီဂျီနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အဓိကအားဖြင့် မူးယစ်ဆေးထိုးသွင်းခြင်းမှ ရောဂါကူးစက်ဖြစ်ပွားမှု ဆယ်ဆအထိ မြင့်တက်လာ ကြောင်း၊ ပါပူအာနယူးဂီနီနိုင်ငံတွင် မျိုးပွားနိုင်သော အသက်အရွယ်နှင့် ကလေးငယ်များအကြား ကူးစက်ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဇွန်လတွင် HIV ကို အမျိုးသားအဆင့် အကျပ်အတည်းအဖြစ် ကြေညာထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် HIV ရောဂါထပ်မံဖြစ်ပွားသူများမှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ခြောက်ဆအထိ မြင့်တက်လာခဲ့ကြောင်း၊ ဒဗလျူအိတ်ချ်အို၏ ခန့်မှန်းချက်အရ ၂၀၁၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၄၄၀၀ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၂၉၆၀၀ အထိ ၅၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသား ၂၅၂၈၀၀ ခန့်မှာ HIV ရောဂါ ကူးစက်ဖြစ်ပွားမှုများနှင့်အတူ ယှဉ်တွဲနေထိုင်ကြလျက်ရှိသည်ဟု ဆိုသည်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ လှုပ်ရှားသူများက စစ်ဆေးဆောင်ရွက်မှုများကို တိုးချဲ့လုပ်ဆောင်ခြင်း၊ လူငယ်လူရွယ်များအပေါ် အခြေပြုသည့် ပညာပေးလုပ်ငန်းများမြှင့်တင်ခြင်း၊ ခိုင်မာအားကောင်းသည့် ရပ်ရွာအခြေပြု ကြားဖြတ်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ဆင်ဟွာ


