မော်လမြိုင် ဒီဇင်ဘာ ၇
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာ အကြားတွင် ၃၀ မဂ္ဂါဝပ် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာသို့ရောက်ရှိကြရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒရယ်ကျေးရွာ မင်္ဂလာသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တနန္ဒိယအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရေးအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွက် တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်ကာ ဒေသခံပြည်သူများအတွက် အဖိုးမဖြတ်နိုင်သည့် လူမှု၊ စီးပွားဘဝများ များစွာဖြစ်ထွန်းပေါ်ပေါက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဖြင့် ဒေသအတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အား ဖြည့်တင်းပေးနိုင်ရေးကိစ္စရပ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကမ်းနားလမ်း ညဈေးတန်းတွင် ကမ်းနားလမ်းမြစ်ဘက်ခြမ်း၌ လူများအပန်းဖြေ နားနေရန်နေရာ ဖော်ထုတ်မည့်မြေနေရာတွင် စက်ယန္တရားများဖြင့် မြေတူးဖော်နေမှု၊ ဘိုးပိုင် ရိုက်သွင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


