ဒီဇင်ဘာ ၈

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်၏ မြို့တော် Guizhou နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့ကို တိုက်ရိုက်ပြေးဆွဲသည့် လမ်းကြောင်းတစ်ခုကို Colorful Guizhou လေကြောင်းလိုင်းက စတင်လိုက်ပြီဖြစ်ကာ ဒေသတွင်း ခရီးသွားလာမှုနှင့် ကုန်သွယ်မှု မြင့်တက်လာမှုကြားတွင် အလျင်အမြန် ကြီးထွားလာသော အာဆီယံဈေးကွက်များနှင့် တရုတ်နိုင်ငံ၏ လေကြောင်းချိတ်ဆက်မှုများကို ပိုမိုတိုးချဲ့လျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါပျံသန်းမှုကိုဒီဇင်ဘာ ၆ ရက်က စတင်ခဲ့ကြောင်း Guizhou မြို့ပြလေကြောင်းအဖွဲ့က ပြောကြားခဲ့သည်။ လမ်းကြောင်းအချိန်ဇယားအရ ထွက်ခွာမည့် လေယာဉ်ခရီးစဉ် GY703 သည် Guizhou မှ ပေကျင်းစံတော်ချိန် ည ၁၀ နာရီ ၅၀ မိနစ်တွင် ထွက်ခွာပြီး ဟိုချီမင်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ် တွင် ဆင်းသက်မည်ဖြစ်သည်။ ပြန်လာမည့် လေယာဉ်ခရီးစဉ် GY704 သည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ထွက်ခွာပြီး Guiyang မြို့သို့ ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

တိုးချဲ့ထားသောလေကြောင်းသည် တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးခရီးစဉ်များကို ပံ့ပိုးပေးနိုင်လိမ့်မည်ဟုမျှော်လင့်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်-အာဆီယံ လေကြောင်းချိတ်ဆက်မှုသည် မကြာသေးမီလများအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုက်ကူမြို့နှင့် ဗီယက်နမ်နိုင်ငံ နာထရန်မြို့တို့ကို ဆက်သွယ်ပေးသော ခရီးသည်တင်လမ်းကြောင်းတစ်ခုကို နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းရှိ နန်ကျင်းမြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့ကို ဆက်သွယ်ပေးသော ကုန်တင်ဝန်ဆောင်မှုကိုလည်း ပြီးခဲ့သည့်လက စတင်ခဲ့သည်ဟု သိရသည်။

တရုတ်နှင့် အာဆီယံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံရေးသည် ခိုင်မာနေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် နှစ်နိုင်ငံကုန်စည်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၉၀၀ ဘီလီယံ ကျော်လွန်ကာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၈၂ ဒသမ ၁ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို