စပိန်လာလီဂါပွဲစဉ်(၁၅) အဖြစ် ဒီဇင်ဘာ ၇ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲဘက်တစ်နှင့် နာမည်ကြီး ဘာစီလိုနာအသင်း ပွဲစဉ်တွင် ဘာစီလိုနာအသင်းက ဖာရန်တောရက်စ် ၏ သွင်းဂိုးများနှင့်အတူ ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  

ထို့ကြောင့် ဘာစီလိုနာအသင်းသည် ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည့် ခါးသီးပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းထက် တစ်ပွဲပိုကစားပြီး လေးမှတ်အသာ ရမှတ် ၄၀ ဖြင့် ဦးဆောင် နိုင်ခဲ့သည်။ ဖာရန်တောရက်စ်သည် ယမန်နှစ် ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ် တွင်လည်း ဘက်တစ်အသင်းဘက်သို့ ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

ဘက်တစ်အသင်းသည် ဘာစီလိုနာအသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။ ထို့အပြင် ဘက်တစ်အသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် လာလီဂါတွင် ရှုံးပွဲ သုံးပွဲအထိ ရှိလာပြီဖြစ်သည်။

အခြားပွဲစဉ်ရလဒ်တွင် ဘီလ်ဘာအိုက နာမည်ကြီး အက်သလက် တီကိုမက်ဒရစ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။ ထို့အပြင် အယ်ချီနှင့် ဂီရိုနာအသင်းပွဲစဉ်တွင်လည်း အယ်ချီအသင်းက သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မိုးဇက် - စုစည်းရေးသားသည်