ဗန်ကောက်      ဒီဇင်ဘာ     ၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာ  ၉  ရက်မှ  ၂၀  ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက် ချွန်ဘူရီနှင့်  ချင်းမိုင်မြို့တို့တွင် ကျင်းပပြုလုပ်မည့်   (၃၃)ကြိမ်မြောက်   အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် South East Asia Games Federation Council Meeting(SEAGF) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Grand Four Winds Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  CEO  SEAGF  Office (H.E.Dato’ Seri Chaiyapak Siriwat) က အဖွင့်အမှာစကားပြောကြားကာ   ထိုင်းနိုင်ငံ  ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး H.E.Atthakorn Sirilatthayakorn, Minister of Tourism and Sports Thailand နှင့် South East Asia Games Federation Council ဥက္ကဋ္ဌ၊  ထိုင်း အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ The Honourable Asst.Prof.Pimol Srivikorn တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြပြီး ဆုတံဆိပ်များ ပေးအပ်သည်။

ထို့နောက် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အကြီးအကဲများက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးကြသည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ဗန်ကောက်မြို့ National  Broadcasting Service of Thailand သို့ သွားရောက်ပြီး ပြိုင်ပွဲများကျင်းပနေမှုများကို  MRTV, MRTV 4 နှင့် Hey Play တို့မှ သတင်းရယူ  ထုတ်လွှင့်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မှုသတင်းများကို မြန်မာနိုင်ငံမှပြည်သူများ အားပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနိုင်ရန် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်