နတ်နေကိုင်း

လူ့အခွင့်အရေးဟု ဆိုလိုက်သည်နှင့် လူအများစုသည် မိမိတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်စွာလုပ်ဆောင်ပိုင်ခွင့်တို့ကို မြင်လေ့ရှိတတ်သော်လည်း မိမိတို့၏ တာဝန်ဝတ္တရားကို မေ့လျော့နေတတ်ကြသည်။ လူသားတို့၏ သမိုင်းမှတ်တိုင်များ၊ လူသားတို့၏ နိုင်ငံရေးအတွေးအခေါ်များနှင့် လူ့အခွင့်အရေးတို့သည် ခွဲခြားထား၍မရသော၊ ဘေးဖယ်ထား၍မရသော အကြောင်းအရာများပင် ဖြစ်သည်။

လူ့အခွင့်အရေးဆိုသည်မှာ လူသားများ၏ မွေးရာပါ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ဆိုလိုခြင်းဖြစ်သည်။ လူသားတို့၏ သမိုင်းဆိုသည်မှာ စာရေးသားခြင်းကို စတင်တီထွင် အသုံးပြုခဲ့သော လူ့အဖွဲ့အစည်းမှစ၍ ယနေ့ နည်းပညာ ထွန်းကားလာသည့် ခေတ်သစ်လူ့အဖွဲ့ အစည်းအထိ မှတ်တမ်းတင်ထားနိုင်ခဲ့သော အချိန်ကာလကို ရည်ညွှန်းခြင်းလည်းဖြစ်သည်။ လူ့အခွင့် အရေးနှင့်စပ်လျဉ်း၍ ရှေးအကျဆုံးနှင့် ကျော်ကြားသော ဥပဒေမှာ ဟာမူရာဘီ ကိုဓဥပဒေ (1780 BCE ခန့်) သည် အထင်ရှားဆုံးဖြစ်သည်။

အထင်ရှားဆုံးဥပဒေမှာ “မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဖြစ်သည်။ သို့သော် ဥပဒေတွင် လူတန်းစားများအပေါ် မူတည်၍ ကွဲပြားသွားခြင်းတို့ကြောင့် ဟာမူရာဘီ ကိုဓဥပဒေသည် ခေတ်သစ် လူ့အခွင့်အရေး စံနှုန်းများနှင့် ချိန်ထိုးနှိုင်းယှဉ်ပါက ကိုက်ညီမှုရှိရန် လိုအပ်သော်လည်း တရားဥပဒေ စိုးမိုးရေး ( Rule of law) ၏ အစဟု ယူဆနိုင်သည်။

ယနေ့ ခေတ်သစ်လူ့အခွင့်အရေးအယူအဆများ၏ စတင်သန္ဓေတည် ပေါ်ပေါက်ခဲ့သည်မှာ ၁၈ ရာစု ခန့် (ဝါ) လူသားတို့ ဉာဏ်အလင်းပွင့်သော ခေတ်၌ဖြစ်သည်။ ၁၈ ရာစု၌ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ထင်ရှားသော အတွေးအခေါ်ပညာရှင်များထဲမှ ထင်ရှားသူတို့မှာ- သဘာဝအခွင့်အရေးများ(Nature Rights) တို့အတွက် ဂျွန်လော့ခ် (John Locke)၊ ဂျန်ဂျက်ရူးဆိုး (Jean-Jacques Rousseau)၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုးကွယ်ခွင့်တို့အတွက် ဝှ်လ်တဲအယ် (Voltaire) တို့ဖြစ်ကြသည်။ (မှတ်ချက်-၁၈ ရာစုနှင့် ၁၉ ရာစုကာလများတွင် လစ်ဘရယ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အမျိုးသားရေးဝါဒနှင့် ကွန်ဆာဗေးတစ်ဝါဒတို့ စတင်ဖွံ့ဖြိုးတိုးတက် လာခဲ့သည်)

ယနေ့မျက်မှောက်ခေတ်၌ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးသော သမိုင်းမှတ်တိုင်မှာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း (Universal Declaration of Human Rights - UDHR) ပင်ဖြစ်ပါသည်။ လူ့အခွင့်အရေး အယူအဆများသည် ခေတ်အဆက်ဆက် ပြောင်းလဲလာသည်နှင့်အမျှ ပိုမို၍ နက်ရှိုင်းကျယ်ပြန့်လာခဲ့သည်။ ဤသို့ဖြင့် လူ့အဖွဲ့အစည်းအတွင်း၌ မတူညီသော လူ့အခွင့်အရေး အယူအဆပုံစံများ ဖွံ့ဖြိုး တိုးတက်လာသည်ဟု ယူဆရမည်ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များနှင့်စပ်လျဉ်း ၍ ဖော်ပြရမည်ဆိုပါက-

လစ်ဘရယ်ဝါဒ (Liberalism)နှင့် လူ့အခွင့်အရေး

လစ်ဘရယ်ဝါဒ၏ အဓိကအနှစ်သာရများမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီသည် ကိုယ်ပိုင်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိပြီး လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင်သူများ ဖြစ်ကြသည်။ လစ်ဘရယ်ဝါဒသည် ခေတ်သစ်လူ့အခွင့်အရေး အတွေးအခေါ်များ၏ အခြေခံအုတ်မြစ်လည်းဖြစ်၏။ လစ်ဘရယ်ဝါဒ၏ အဓိကအနှစ်သာရမှာ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို တန်ဖိုးထားခြင်းပင် ဖြစ်သည်။

ဆိုရှယ်လစ်ဝါဒ(Socialism)နှင့် လူ့အခွင့်အရေး

၁၉ ရာစုအစောပိုင်းတွင် စက်မှုတော်လှန်ရေးကြောင့် စတင်ဖြစ်ပေါ်လာသော ဆိုရှယ်လစ်နိုင်ငံရေး အတွေးအခေါ်သည် ကွဲပြားသော ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့လျက်ရှိပါသည်။ ဆိုရှယ်လစ် နိုင်ငံရေး အတွေးအခေါ်၏ အဓိကအနှစ်သာရ ရည်ရွယ်ချက်များမှာ လူ့ဂုဏ်သိက္ခာနှင့် ညီညွတ်သော လူနေမှုအဆင့်အတန်းရရှိရန်၊ အလုပ်သမား များ၏ အခွင့်အရေးများ အပြည့်အဝရရှိရန်တို့ ဖြစ်ကြသည်။

အမျိုးသားရေးဝါဒ(Nationalism)နှင့် လူ့အခွင့်အရေး

၁၈ ရာစုနှောင်းပိုင်းကာလ ပြင်သစ်တော်လှန်ရေး (၁၇၈၉ ခုနှစ်)မှ စတင်ပေါ်ထွန်းလာခဲ့သော အမျိုးသားရေးဝါဒ၏ အဓိကအနှစ်သာရမှာ လူ့အဖွဲ့အစည်းတစ်ခု၏ သွေးစည်းညီညွတ်မှုကို အလေးထားခြင်းဖြစ်သည်။ အမျိုးသားရေးဝါဒသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော အမျိုးသားရေးဝါဒနှင့် အပျက်သဘောဆောင်သော အမျိုးသားရေးဝါဒဟူ၍ ခွဲခြားသတ်မှတ်ရမည် ဖြစ်သည်။ အပြုသဘောဆောင်သော အမျိုးသားရေး ဝါဒ(Civic Nationalism)သည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် နိုင်ငံသားအချင်းချင်း စည်းလုံးခြင်းတို့ကို အဓိကရည်ရွယ်ထားပြီး အပျက်သဘောဆောင် သော အမျိုးသားရေးဝါဒ ( Ethnic Nationalism) သည် လူမျိုး၊ ယဉ်ကျေးမှုနှင့် ခန္ဓာကိုယ်ဖွဲ့စည်းမှု အပေါ်အခြေခံထားခြင်း၊ လူနည်းစုအပေါ်ခွဲခြား ဆက်ဆံမှုကို ထင်ဟပ်စေခြင်း စသည်တို့ကြောင့် လူ့အခွင့်အရေးအယူအဆများနှင့် “ပြဒါးတစ်လမ်း သံတစ်လမ်း” ဖြစ်နေပါသည်။

ကွန်ဆာဗေးတစ်ဝါဒ(Conservatism)နှင့် လူ့အခွင့်အရေး

ကွန်ဆာဗေးတစ်ဝါဒသည် ဓလေ့ရိုးရာ၊ သမိုင်း အစဉ်အလာများကို အလေးထားခြင်း၊ ဆင့်ကဲ ပြောင်းလဲတိုးတက်မှုကို ဦးစားပေးခြင်း၊ လူသားတို့၏ မပြည့်စုံမှုကို အသိအမှတ်ပြုခြင်းနှင့် Utopia ခေါ် စိတ်ကူးယဉ် လူ့အဖွဲ့အစည်းကို မယုံကြည်ခြင်း တို့ဖြစ်သည်။ လူ့အခွင့်အရေးသဘောတရားနှင့် ဝိရောဓိဖြစ်စေသော အကြောင်းအရာများမှာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်ခွင့်၊ သက်ဝင် ယုံကြည်ချက်များကို လွတ်လပ်စွာ ပြောင်းလဲခွင့်တို့ဖြစ်သည်။ သို့သော် ကွန်ဆာဗေးတစ်ဝါဒသည် ခေတ်သစ်နိုင်ငံရေး အတွေးအခေါ်များထဲတွင် လစ်ဘရယ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့ပြီးနောက် တတိယ အင်အားအကြီးဆုံးနိုင်ငံရေး အတွေးအခေါ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးအတွေးအခေါ်များနှင့် လူ့အခွင့်အရေးအခြေအနေများ

ကမ္ဘာတွင် အင်အားကြီးနိုင်ငံရေး အတွေးအခေါ် နှစ်ခုဖြစ်သော လစ်ဘရယ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒ တို့ကို မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးခဲ့ပါသည်။ လွတ်လပ်ရေး ရပြီးစအချိန်တွင် ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့် လည်းကောင်း၊ ဆိုရှယ်လစ်ဒီမိုကရေစီ စနစ်ဖြင့်လည်းကောင်း၊ ဆိုရှယ်လစ်လမ်းစဉ်အနေဖြင့်လည်းကောင်း၊ ပါတီစုံဒီမိုကရေစီစနစ်အနေဖြင့် လည်းကောင်း ကျင့်သုံးခဲ့ပါသည်။ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်တွင် မြန်မာနိုင်ငံသည် တိုင်းပြည်ပြန်လည်ထူထောင်ခါစ အချိန်ဖြစ်သဖြင့် စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထိုခေတ်ကာလတွင်ပင် ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (The Constitution of The Union of Burma)၌ နိုင်ငံ သားများ၏ အခြေခံလူ့အခွင့်အရေးများကို အာမခံချက်ပေးခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်နှင့် မဲပေးပိုင်ခွင့်တို့ ရရှိခဲ့သည်။

၁၉၆၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံနှင့် ကိုက်ညီမှုရှိစေရန် မွမ်းမံထားသော ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးဝန်ဆောင်မှု များအတွက် ကောင်းမွန်သောအခြေအနေ ရှိခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီခေတ်တွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်း ၍ ၂၀ဝဝ ပြည့်နှစ်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ရဲချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောပုဂ္ဂိုလ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် လူ့အခွင့်အရေးကော်မတီတစ်ရပ် ပေါ်ပေါက်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) (Constitution of The Republic of The Union of Myanmar 2008) ၏ အခန်း (၈) တွင် ပုဒ်မ ၃၄၅ မှ ၃၉ဝ အထိ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကိုလည်း ဖော်ပြထားသည်။ ထိုကာလမှစ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများသည် တိုးတက်မှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး ယခုမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာခြင်း၏ ကနဦးခြေလှမ်းအစ ဖြစ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ

၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ စီမံအုပ်ချုပ်ရသော်လည်း လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြု အားပေးခြင်း၊ ၂၀၂၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့များကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပခြင်းတို့မှာ လူ့အခွင့်အရေးကို နိုင်ငံတော်အစိုးရအနေဖြင့် မည်မျှအလေးထားကြောင်း သိမြင်နိုင်မည်ဖြစ်သည်။ ကော်မရှင်အနေဖြင့် စိန်ခေါ်မှုပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်မှာ ၁၄ နှစ်တိုင် ပြည့် မြောက်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားမိဘ ပြည်သူညီအစ်ကိုမောင်နှမများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ကော်မရှင်နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရေး အတူတကွဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးနိုင်ကြပါရန် (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသား လိုက်ပါသည်။ ။