နေပြည်တော် ဒီဇင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်တွင် လွိုင်ကော်မြို့နယ်အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် အုတ်တွင်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့အတွင်း၌ တရားမဝင် သစ်မာ ၆ ဒသမ ၉၂၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၄၉၅၃၆) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် မုတ္တမဆိပ်ကမ်း (ရွှေပြည်သာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ (ID) ပါ ဖော်ပြချက်နှင့် ကိုက်ညီမှန်ကန်မှုရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုးအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုပေးခဲ့ပြီး သွင်းကုန်ကြေညာလွှာ(ID)တွင် ဖော်ပြထားခြင်းမရှိသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံးပစ္စည်း ၂၉ မျိုး၊ လူသုံးကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၈၃၈၉၃၅၃) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. War Nate Za ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၈၃၈၉၃၅၃ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင် ဟင်္သာတမြို့နယ် အတွင်း၌ တရားမဝင် သစ်မာ သုည ဒသမ ၃၅၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် ညောင်ခါးရှည်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Dump Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မန္တလေးမြို့နယ် ရွှေကြက်ယက်ဘုရားအနီး၌ ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၁၈၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး၊ Diamond TC-003 Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်လေးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ခုနစ်မျိုး၊ လျှပ်စစ်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၄၅၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၅၉၆၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ဒီဇင်ဘာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၇ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၆၁၆၆၈၈၉) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


