နေပြည်တော် ဒီဇင်ဘာ ၈

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ကြည့်ရှုအားပေး

ထို့နောက် ကျောင်းသား ကျောင်းသူများက ရေအိုးရွက်အကဖြင့် ကပြခြင်း၊ မြန်မာ့သိုင်းဖြင့် သရုပ်ပြသခြင်း၊ ပြည်ထောင်စုအင်အားနှင့် ပြည့်ရတနာသီချင်းတို့ဖြင့် ကပြခြင်း၊ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

 

ယင်းနောက် ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန် ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အလယ်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် အားကစားနည်းများ ယှဉ်ပြိုင်ကစား‌‌နေမှုကို လှည့်လည်ကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ကျောင်းသုံးဗလာစာအုပ်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)