တောင်ကြီး ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ် စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေပိုင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးရေးနှင့် တောင်ကြီးမြို့ တွင်းလမ်းကောင်းမွန်ရေး၊ ယာဉ်များ သွားလာလွယ်ကူချောမွေ့စေရေးအတွက် တောင်ကြီးမြို့ ရုံးကြီးလမ်း AC ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မှာကြား

ထို့နောက် တောင်ကြီးတက္ကသိုလ် မိုး​ရေစုကန်အမှတ်(၁) အတွင်း လုပ်ငန်းဆောင်ရွက်ရန် လျာထားစီမံကိန်း၊ ရေဆင်း မြောင်းလုပ်ငန်းများနှင့် ကန်ပတ်လမ်းဘေးပတ်လည်တွင် အနားယူ အပန်းဖြေနိုင်မည့် အုတ်ခုံများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးရေး ဆွေးနွေး မှာကြားသည်။

ယင်းနောက် တောင်ကြီးမြို့ မြေအောက်ရေထိန်းသိမ်းနိုင်ရန်၊ အများပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ကျန်းမာရေးအတွက် လမ်းလျှောက်နိုင်ရန် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်ရှိ ဂနိုင်ကန်သာယာ (၃) ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ကန်ပတ်လည် ဆိုလာမီးတိုင်များ ဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း၊  တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်ရုံး မီးပွိုင့် မှစ၍ တောင်ကျောင်းကြီးသွားလမ်းနှင့် ဂနိုင်ကန်သို့သွားသည့် လမ်းတောင်ဘက်ခြမ်း လမ်းဘေး ပလက်ဖောင်းနှင့် ရေနုတ်မြောင်း များဆောင်ရွက်ပြီးစီးမှု၊ လမ်းမြောက်ဘက်ခြမ်း ရေနုတ်မြောင်းနှင့် ပလက်ဖောင်းဆောင်ရွက် နေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)