မန္တလေး ဒီဇင်ဘာ ၈

 

Mandalay Climate and Earthquake Forum ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံမြေငလျင် ကော်မတီဒုတိယဥက္ကဋ္ဌ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Mandalay Climate and Earthquake Forum နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာနှင့် မြေငလျင်ဆိုင်ရာလုပ်ငန်းစဉ်များတွင်အသုံးပြုသည့် စက်ကိရိယာပစ္စည်းများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောက ရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားပရိဝုဏ်၌ ကျင်းပသည့် သီပေါဘုရင်မင်းမြတ် တည်ထားကိုးကွယ် ခဲ့သော အရှေ့ပြင်နယ်လုံးဆိုင်ရာ မဟာလောက ရန်နှိမ်အောင်တော်မူမြတ်စွာဘုရား (၁၄၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ဆွမ်းသပိတ်နှင့် စာရေးတံမဲ များ ဆက်ကပ်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်၍ အောင်တော်မူမြတ်စွာဘုရား ရေတော် ဆရာတော်နှင့် မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာများအား ဆွမ်းသပိတ်နှင့် စာရေးတံမဲများ ဆက်ကပ် လောင်းလှူကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး ရှစ်ထပ်ဆောင်၌ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနမှူးများအားတွေ့ဆုံပြီး မြို့သန့်ရှင်းသာယာ လှပရေးနှင့်ပတ်သက်၍ စည်ပင်သာယာရေးလုပ်ငန်းများကို စည်ပင်သာယာရေးဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရေး ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်