နေပြည်တော် ဒီဇင်ဘာ ၈
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန မှတ်တမ်းနှင့် မော်ကွန်းစီမံခန့်ခွဲမှု(အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပရာ အမျိုးသား စီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်၊ အမျိုးသား စီမံကိန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအသီးသီးမှ တက်ရောက်လာကြသော ဝန်ထမ်းများအနေဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မှတ်တမ်း၊ မော်ကွန်းများ၏ အရေးပါမှုကို သိရှိရန်လိုအပ်ကြောင်း၊ အစိုးရဌာန အသီးသီးတွင်ရှိသည့် မှတ်တမ်းများကို ထိန်းသိမ်းရမည့် နည်းစနစ်များကို သိရှိပါက နိုင်ငံတော်အတွက် တန်ဖိုးရှိသော အစိုးရ၏ဆောင်ရွက်ချက် အထောက်အထားမှတ်တမ်း၊ မော်ကွန်းများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မှတ်တမ်းနှင့် မော်ကွန်းများကို ထိန်းသိမ်းနိုင်ပါက အနာဂတ်တွင် ပြန်လည်ကိုးကား အသုံးပြုနိုင်သည့် အပြင် အမျိုးသားမှတ်တမ်း အမွေအနှစ်များအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ဌာနများနှင့် အဖွဲ့အစည်းများတွင် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ဌာနနှင့် အဖွဲ့အစည်းများ၏ တန်ဖိုးရှိသောမှတ်တမ်းများကို အမျိုးသားမှတ်တမ်းနှင့် မော်ကွန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရန်အတွက် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဖွင့်လှစ်သင်ကြား
အဆိုပါသင်တန်းတွင် ဌာနများရှိ မှတ်တမ်းနှင့် မော်ကွန်းများကို ထိန်းသိမ်းနိုင်ရေး စီမံခန့်ခွဲမှု နည်းစနစ်များနှင့် စပ်လျဉ်း၍ ခုနစ်ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


