နေပြည်တော် ဒီဇင်ဘာ ၈

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့် ကျေးရွာများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးသည့် သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများကို စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်၌ ခွဲဝေဖြန့်ဖြူးပေးနေမှုကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူသွားရောက် အားပေးကြည့်ရှု ပြီး ငလျင်ဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည် တည်ဆောက်နေမှုကို လည်းကောင်း၊ စစ်ကိုင်းမြို့ဝင် ဧရာဝတီ တံတား(ရတနာပုံ)ရှိ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင် ငွေကြေးကောက်ခံမှု များမရှိစေရေးနှင့် တရားမဝင် ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး တို့ကို မှာကြားသည်။

ယင်းနောက် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့ ရွှေကြက်ကျ မြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင်ကားကြီးများနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက်၊ ကူးတို့များဖြင့် သယ်ယူပို့ဆောင်နေမှုကို လည်းကောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးဝန်ကြီးများက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆိုင်ရာများ မှာကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)