လားရှိုး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့် အတွက် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေ ရေးရည်ရွယ်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)နှင့် ဌာနဆိုင်များပူးပေါင်း၍ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လှုံ့ဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဆိုပါ Billboard အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် မြို့တော်ခန်းမအနီး လမ်းသွားလမ်းလာ ပြည်သူများအား ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံ တော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာများ ပါဝင်သည့် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို အများပြည်သူ ပိုမိုမဲပေးနိုင်ရေး ဖြန့်ဝေပေးခဲ့သည်။
လားရှိုးမြို့တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များက ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ မိမိတို့နှင့် သက်ဆိုင်သည့် ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


