ရန်ကုန်   ဒီဇင်ဘာ   ၉

ထိုင်းနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်   (၃၃)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်   ညပိုင်းက  ဗန်ကောက်မြို့ရှိ  ရာဇမင်္ဂလာဘောလုံးကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပပြီး ဖျော်ဖြေရေးအစီအစဉ်များ  စတင်ပြုလုပ်သည်။   ထိုင်းနိုင်ငံအနေဖြင့် ဖျော်ဖြေရေးအစီအစဉ်များတွင်  နာမည်ကြီး အနုပညာရှင် များ၏ ဖျော်ဖြေမှုများ၊  နည်းပညာနှင့်  အနုပညာ ပေါင်းစပ်ထားသည့် ပြကွက်များ၊ ထူးချွန် အားကစားသမားများ၏ သရုပ်ဖော်ပြကွက်များကို   ပြသကြသည်။

ထို့နောက်    ပြိုင်ပွဲဝင်နိုင်ငံများ   ကွင်းအတွင်း  နေရာယူကြပြီး   ထိုင်းနိုင်ငံဝန်ကြီးချုပ်က   နှုတ်ခွန်း ဆက်စကားပြောကြားသည်။ ဆက်လက်၍ ထိုင်းဘုရင်မင်းမြတ်က မိန့်ခွန်းပြောကြားပြီး  အိမ်ရှင် ထိုင်းနိုင်ငံအလံ၊ ဆီးဂိမ်းပြိုင်ပွဲအလံတို့ကို လွှင့်တင်ကြသည်။ ယင်းနောက် ထိုင်းနိုင်ငံ    အားကစား သမားနှင့် ဒိုင်လူကြီးတို့က အားကစားသစ္စာအဓိဋ္ဌာန်အား ရွတ်ဆိုကြပြီး ထိုင်းနိုင်ငံ၏ ထူးချွန်အားကစားသမားများက မီးရှူးတိုင်ကို အဆင့်ဆင့်သယ်ဆောင်ကာ သတ်မှတ်နေရာတွင် မီးထွန်းညှိပေးသည်။

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့တို့တွင် ကျင်းပလျက်ရှိပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၁၂၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ အိမ်ရှင်ထိုင်းနိုင်ငံအနေဖြင့် အားကစား နည်း ၅၀ မှ ပြိုင်ပွဲအမျိုးအစား ၅၄၇ မျိုး၊ ရွှေတံဆိပ်စုစုပေါင်း ၅၄၇ ခု ချီးမြင့်မည်ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို  အိမ်ရှင်အဖြစ်  ခုနစ်ကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၅၉ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၅ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၉၅ ခုနှစ်၊ ၂၀၀၇ ခုနှစ်နှင့် ယခု ၂၀၂၅ ခုနှစ်တို့တွင် ကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (ယခင် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲ) ပထမဆုံးပြိုင်ပွဲဖြစ်သည့် ၁၉၅၉   ခုနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်  လက်ခံကျင်းပခဲ့သည့်နိုင်ငံလည်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှစ၍ ကျင်းပလျက်ရှိသော်လည်း ဖွင့်ပွဲအပြီး ဒီဇင်ဘာ ၁၀ ရက်မှသာ ရွှေတံဆိပ်ဆုများ စတင်ချီးမြှင့်မည်ဖြစ်ပြီး ပထမဆုံးနေ့တွင် ရွှေတံဆိပ်စုစုပေါင်း ၃၂ ခု စတင်ချီးမြှင့်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် (၃၃) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်  အားကစားနည်း  ၃၈  မျိုး၌  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ချစ်ကိုကို၊ ငွေကြယ်(ကြေးမုံ)