မကွေး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် “အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း” “Never Stop Learning Talk Show” တွင် စာရေးဆရာမကြီး ခင်ဆွေဦး ရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင် များကို ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့် စာအုပ်ပြပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံ ဓာတ်ပုံပြဘုတ်များ၊ ဂိမ်းကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


