ရန်ကုန်  ဒီဇင်ဘာ  ၉

 

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အထက(၁) ပညာခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးဟောပြော

 

ဦးစွာ ဒေါပုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးက အမှာစကားပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်လှိုင်က ဟောပြောဆွေးနွေးသည်။ ထို့နောက် မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးသက်ပိုင်က အိမ်တွင်းအကြမ်းဖက်မှုပပျောက် ရေးဆိုင်ရာ အကြောင်းအရာများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဒေါ်ကိုးယိမ်းက အိမ်တွင်းအကြမ်းဖက်ခံရသူများ ပြန်လည်ထူထောင်ရေးနှင့် ကုသရေး နှစ်သိမ့်ဆွေးနွေးဟောပြောသည်။

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထူးထက်က ကျေးဇူးတင်စကားပြောကြားပြီးတက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက အမျိုးသမီး အကြမ်းဖက်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)