မြစ်ကြီးနား ဒီဇင်ဘာ ၉
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယနေ့အခမ်းအနားတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသောအလုပ်ဌာန ၃၆၄ ဌာနမှ အာမခံအလုပ်သမား ၂၈၇၇ ဦးရှိပြီး ပညာသင်စရိတ်လျှောက်ထားလာသည့် အာမခံ အလုပ်သမားများအနက် အလုပ်သမား ၃၀၀ ၏ သားသမီး ၄၅၂ ဦးအတွက် ပညာသင်စရိတ်စုစုပေါင်း ငွေကျပ် ၁၉ ဒသမ ၁၄၀ သန်း၊ အာမခံအလုပ်သမား သုံးဦး၏ မီးဖွားမှုနှင့် မီးဖွားစရိတ်အကျိုးခံစားခွင့်၊ အာမခံအလုပ်သမားသုံးဦး၏ ဖခင်ဘဝဖြစ်မှု အကျိုး ခံစားခွင့်နှင့် ဇနီးဖြစ်သူမီးဖွားမှု အကျိုးခံစားခွင့်နှင့် အာမခံအလုပ်သမား သုံးဦး၏ ဆေးဖိုးကုန်ကျငွေ ပြန်လည်ပေးအမ်းခြင်းတို့အတွက် စုစုပေါင်းငွေကျပ် ၃ ဒသမ ၄၈၄ သန်းကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစု ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ပညာသင်စရိတ်ဆိုင်ရာ မိသားစု ထောက်ပံ့ငွေကျပ် ၁၉ ဒသမ ၁၄၀ သန်းကိုလည်း ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့က မီးဖွားမှုနှင့်မီးဖွား စရိတ်၊ ဆေးဖိုးကုန်ကျငွေ၊ ဇနီးဖြစ်သူမီးဖွားမှု အကျိုးခံစားခွင့်တို့အတွက် အာမခံလုပ်သား ၁၃ ဦး တို့၏ အကျိုးခံစားခွင့် ငွေကျပ် ၃ ဒသမ ၄၈၄ သန်း ကိုလည်းကောင်း ပေးအပ်ကြပြီး အာမခံအလုပ်သမား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


