မုံရွာ ဒီဇင်ဘာ ၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းများနှင့် အုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်လျှင် အနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓာတ်ဖြင့် အနိုင်မခံ အရှုံးမပေး ဇွဲစိတ်ဓာတ်ကို အရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်နှင့် မိမိတို့ ဌာနဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးသွားကြရန် လိုအပ်ကြောင်းပြောကြားပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဘင်ခရာ၊ ပန်းဖွား၊ Fitness Dance အကများဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဂုဏ်ဆောင် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကပြဖျော်ဖြေပေးခဲ့ကြသည့် ဘင်ခရာ၊ ပန်းဖွား၊ Fitness Dance အကအဖွဲ့များနှင့် အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အဖွင့်ပွဲစဉ်အဖြစ် မုံရွာတက္ကသိုလ် ဘောလုံးအသင်းနှင့် ပဉ္စအားမာန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မုံရွာတက္ကသိုလ်အသင်းက အနိုင်ရရှိသွားပြီး အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၉ ရက်မှ ၂၇ ရက်အထိ အားကစားနည်း ၁၂ နည်း ထည့်သွင်းယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


