ဒီဇင်ဘာ ၁၀
အာရှနှင့် ပစိဖိတ်ဒေသ၏ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်၊ လူဦးရေ ၂ ဒသမ ၇ ဘီလီယံခန့်သည် လွန်ခဲ့သော ၁၂ နှစ်အတွင်း ရေရှားပါးမှုမှလွတ်မြောက်ခဲ့သော်လည်း ပတ်ဝန်းကျင်ဆိုင်ရာကျဆင်းမှုနှင့် အဓိကငွေကြေး ကွာဟချက်ကြောင့် ခြိမ်းခြောက်ခံနေရသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အစီရင်ခံစာအသစ်အရ သိရသည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သော အာရှရေဖွံ့ဖြိုးတိုးတက်မှုအလားအလာ (AWDO) ၂၀၂၅ တွင် ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံရေးကတိကဝတ်အသစ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲမှုများသည် ရေရှားပါးမှုမှ လွတ်မြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
သို့ရာတွင် ဂေဟစနစ်ကျဆင်းမှု၊ ရာသီဥတုအန္တရာယ်များနှင့် ရေရင်းနှီးမြှုပ်နှံမှုအတွက် ရန်ပုံငွေမလုံလောက်မှုများသည် ဘီလီယံနှင့်ချီသော လူများကို ရေရှားပါးမှုထဲသို့ ပြန်လည်ရောက်ရှိစေမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။
ရေအရင်းအမြစ်လုံခြုံရေးကို ရေရှည်ထိန်းသိမ်းပေးသော ရွှံ့နွံများ၊ မြစ်များ၊ ရေအောက်လွှာများနှင့် သစ်တောများသည် အလျင်အမြန်ယိုယွင်းပျက်စီးလာနေပြီး ရာသီဥတုဆိုးရွားမှုဖြစ်ရပ်များသည် ကမ္ဘာ့ရေကြီးရေလျှံမှု၏ ၄၁ ရာခိုင်နှုန်းကို ဖြစ်ပေါ်စေသည့် ဒေသတစ်ခုကို ခြိမ်းခြောက်လျက်ရှိကြောင်းနှင့် မကြာသေးမီသီတင်းပတ်များအတွင်း အရှေ့တောင်အာရှနှင့် တောင်အာရှဒေသအချို့သည် ဆိုးရွားသောရေကြီးမှုများဒဏ်ကို ခံခဲ့ရကြောင်း ဖော်ပြထားသည်။
၂၀၄၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄ ထရီလီယံ သို့မဟုတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံသည် ထိုဒေသ၏ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) လိုအပ်ချက်များကိုသာ ဖြည့်ဆည်းရန် လိုအပ်သည်ဟု အာရှရေဖွံ့ဖြိုးတိုးတက်မှုအလားအလာ (AWDO) ၏ အကြမ်းဖျင်းခန့်မှန်းချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


