နေပြည်တော် ဒီဇင်ဘာ ၁၀
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအောင်ကျော်မိုး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းစွမ်းရည်ထည်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းမင်းဖုန်းသန့်အောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်သားဆေးမှူး အရာရှိများကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးခဲ့သည်မှာ ယခုအခါ သင်တန်းအမှတ်စဉ် (၂၆) အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် ဆေးမှူးအရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာ တပ်အသီးသီးတွင်ရှိသည့် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများသာမက ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ထိထိရောက်ရောက် လုပ်ဆောင်ပေးလျက် ရှိနေကြောင်း။
မိမိတို့တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည်ဆောက်လျက်ရှိရာတွင် တပ်မတော်သားတိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ရန် အလွန်အရေးကြီးကြောင်း၊ “ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန်” (Make Fit to Fight) ဟူသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိမှသာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိန်မရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်သဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းသည့် ဆေးပညာဖြင့် တပ်မတော်သားများအပေါ် ဆေးအကာအကွယ်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးမှုများကို အထူးအလေးထား ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ဆေးပညာရပ်များကိုကျွမ်းကျင်ထက်မြက်နေအောင် အစဉ်လေ့လာဆည်းပူးနေပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရန် မှာကြားလိုကြောင်း။
ထို့အပြင် တာဝန်ထမ်းဆောင်မည့် တပ်ဖွဲ့အသီးသီးကို ရောက်ရှိချိန်၌ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသာမက ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း မေတ္တာစေတနာအရင်းခံပြီး ပါဝင်ကူညီခြင်းအားဖြင့် တပ်မတော်၏ စိတ်ရင်းစေတနာအမှန်ကို ပြသပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဆေးသိပ္ပံပညာရပ် နယ်ပယ်သည်လည်း အရှိန်အဟုန်ဖြင့် တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရမည်ပင်ဖြစ်ကြောင်း၊ ရောဂါရှာဖွေသည့် ပစ္စည်းကိရိယာများ၊ ကုသသည့် ကိရိယာများ၊ ဆေးဝါးနှင့် ကုထုံးအသစ်များ ဆန်းသစ်ပြောင်းလဲလာသကဲ့သို့ ထူးခြားဆန်းပြားသည့် ရောဂါဘယများသည်လည်း ဆေးပညာလောကကို မပြတ်စိန်ခေါ်လျက်ရှိနေကြောင်း။
သင်တန်းဆင်း အရာရှိများအနေဖြင့်လည်း တပ်မတော်သား ဆေးသိပ္ပံပညာရှင်များ ဖြစ်သည်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် ခေတ်မီပြုစုကုသမှုများနှင့် ဆေးပညာရပ်များကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး တစ်ဦးချင်း၏ အရည်အသွေး တိုးတက်မြင့်မားလာအောင် မြှင့်တင်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသာမက ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရာတွင် “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ စေတနာတရား၊ အကြင်နာတရား အပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန်လိုကြောင်း၊ ထိုသို့ စောင့်ရှောက်သည့် နေရာတွင် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်” ဟူသည့်အတိုင်း ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ မြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (World Federa-tion for Medical Education– WFME) ၏ အသိအမှတ်ပြု စာရင်းဝင်ဖြစ်သကဲ့သို့ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတကာ ဆေးတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများတွင်လည်း ခေတ်မီဆေးသိပ္ပံပညာရပ်များ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း၊ ပြည်တွင်း၌လည်း ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဆေးပညာဘာသာရပ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေလျက် ရှိနေကြောင်း။
ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ်ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေး တက္ကသိုလ်ကသင်ကြားပေးလိုက်သည့် ဆေးပညာရပ်များဖြင့်သာ ရောင့်ရဲတင်းတိမ်မနေဘဲ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ထူးချွန်ထက်မြက်သည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လူသားများ အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန်အတွက် လိုအပ်သည့်စွမ်းအင် (Energy) များကို အစားအသောက်များမှ ရရှိခြင်းဖြစ်သဖြင့် စားနပ်ရိက္ခာလုံခြုံရေး (Food Security) သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိလူသားအားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာလုံခြုံရေးကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်ရာ၌ လုံလောက်သည့် စားနပ်ရိက္ခာပမာဏရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်သော စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံနေရန်လိုအပ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ကြရမည့် မိမိတို့ တပ်မတော်သားများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများ လုံလောက်စွာ စားသောက်နေနိုင်ရေးသည် အရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတိုင်း ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရများ ပြည့်ပြည့်ဝဝ စားသုံးနိုင်ရေးအတွက် မိမိတတ်ကျွမ်းထားသည့် ဆေးပညာရှုထောင့်မှ အမြဲမပြတ် ထိန်းသိမ်းစောင့်ရှောက်ပြီး အကြံဉာဏ်များပေးသွားရမည် ဖြစ်သကဲ့သို့ ပြည်သူလူထုကိုလည်း ကျန်းမာရေးအသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၄) ရပ်အနက် တတိယအချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ရန်အတွက် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်လျက်ရှိနေကြောင်း၊ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်ဆေးရုံ၊ တပ်ရင်း/ တပ်ဖွဲ့များတွင် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စစ်မြေပြင်လက်တွေ့ ဆေးအကာအကွယ်ပေးရေး လုပ်ငန်းများသာမက ခေတ်အဆက်ဆက်တွင် တိုင်းရင်းသား ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များသည် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် နယ်စပ်ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စောင့်ရှောက် ကုသပေးခဲ့ကြကြောင်း၊ ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြရသည့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသတို့တွင်ရှိသည့် ပြည်သူလူထု၏ ကျန်းမာရေးကိုလည်း မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)၊ ပင်လယ် သွားဆေးရုံရေယာဉ် (သံလွင်) တို့ဖြင့် သွားရောက်စောင့်ရှောက် ပေးနိုင်ခဲ့ကြောင်း။
တပ်မတော်သားဆရာဝန်များဖြစ်သည့်အတွက် စစ်သည်တော်ကောင်းစိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ်တို့ နှစ်မျိုးစလုံး ပြည့်စုံနေရန်လိုကြောင်း၊ စစ်သည်တော်ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး စစ်သည်တော်ကျင့်ဝတ် အပါး (၆၀) ကို တိကျစွာလိုက်နာတတ်စေရန် လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်း စိတ်ဓာတ်ရှိစေရေး ဆေးပညာရပ်များအပြင် ဆေးပညာကျင့်ဝတ်နှင့် ညီသည့် သမားကောင်းစိတ်ဓာတ်၊ ခံယူချက်များ ကောင်းမွန်ရေးကိုလည်း လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း။
တပ်မတော်က မွေးထုတ်ပေးလိုက်သည့် တပ်မတော်သား ဆေးပညာရှင်သမားကောင်းများ ပီသစွာ လူမျိုး၊ ဘာသာ အဆင့်အတန်းမရွေး ကျန်းမာရေးစောင့် ရှောက်မှုပေးပြီး ဆေးပညာကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်း သွားရမည်ပင်ဖြစ်ကြောင်း၊ နေ့စဉ်ရွတ်ဆိုနေသည့် ဆရာဝန်များ၏ အဓိဋ္ဌာန်ပြု ကတိသစ္စာတွင်ပါသည့် “သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာအစဉ်အလာကို ထိန်းသိမ်းရေး၊ ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာမေတ္တာရှေ့ထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသရေး” စသည့် အချက်များကို မိမိတို့၏စိတ်သန္တာန်တွင် စွဲမြဲစွာမှတ်သားပြီး ကျင့်ဝတ်နှင့်ညီသည့် သမားကောင်းတစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း တပ်မတော်သားများဖြစ်သည်နှင့် အညီ တပ်မတော်က ပြဋ္ဌာန်းထားသည့် စစ်သည်တော်ကျင့်ဝတ် အပါး (၆၀) ကို ကိုယ်တိုင်စောင့်ထိန်းလိုက်နာရန် လိုအပ်သကဲ့သို့ မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များကိုလည်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရန် ထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဆရာဝန်များ ဖြစ်သည်နှင့်အညီ ခြေလျင်တိုက်ခိုက်ရေး စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် စစ်စည်းကမ်းကောင်းမွန်ပြီး စိတ်ဓာတ်ခံယူချက်မြင့်မားမှသာ အောင်မြင်မှုများရယူနိုင်မည်ဖြစ်ကြောင်း အထူးသဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိပြီး အထက်ကပေးအပ်လာသည့် အမိန့်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် အရေးကြီးသကဲ့သို့ မိမိကွပ်ကဲရသည့် လက်အောက်ငယ်သားများကိုလည်း အမိန့်နာခံမှုကောင်းအောင် ကွပ်ကဲလေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း စိတ်ဓာတ်ခံယူချက် မြင့်မားစွာဖြင့် လက်အောက်ငယ်သားများကို စံနမူနာပြနေထိုင်ပြီး သမားကောင်းတစ်ဦး၏ ကျင့်ဝတ်များနှင့် စစ်သည်တော်ကောင်းတစ်ဦး၏ ကျင့်ဝတ်များကိုပါ လိုက်နာစောင့်ထိန်းသွားကြရန် မှာကြားလိုကြောင်း။
တပ်မတော် ဆေးမှူးအရာရှိများဖြစ်ရန် တပ်မတော်ဆေးတက္ကသိုလ်ကို မိမိတို့၏ သဘောဆန္ဒအလျောက် ကိုယ်တိုင်ဆန္ဒပြု လျှောက်ထားခဲ့ကြသကဲ့သို့ ယှဉ်ပြိုင်ရွေးချယ်ခံပြီး တက်ရောက်ခဲ့ကြရခြင်းဖြစ်ကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိခဲ့ချိန်မှစပြီး နိုင်ငံတော်နှင့် တပ်မတော်က ငွေကုန်ကြေးကျများစွာဖြင့် နိုင်ငံတကာအဆင့်မီ ဆေးပညာရပ်များကို အချိန်ယူ သင်ကြားလေ့ကျင့် မွေးထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်၏ အဖိုးတန်လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းဆင်းအရာရှိများ အနေဖြင့် တဒင်္ဂဆုံးဖြတ်ချက် အမှားကြောင့် မိမိတို့၏ ရည်မှန်းချက်၊ နိုင်ငံတော်၊ တပ်မတော်နှင့် မိဘဆွေမျိုးများ၏ မျှော်မှန်းချက်များကို မပျောက်ပျက်စေဘဲ စိတ်ဓာတ်၊ခံယူချက်၊ ကိုယ်ကျင့်တရား၊ စည်းကမ်း၊ ဆေးပညာ ကျင့်ဝတ်များနှင့်အညီ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ရဲဘော်ရဲဘက်စိတ်ပြည့်ဝသည့် “သမားဇာနည် အောင်စစ်သည်” TO BE A GOOD SOLDIER AND AN EFFICIENT DOCTOR တစ်ယောက်ဖြစ်အောင် မိမိကိုယ်မိမိ တည်ဆောက်သွားကြရန် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီ စနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ်သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်ပြီး ၎င်း၏အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုတို့ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုအများစု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပေးသွားတော့မည်ဖြစ်ကြောင်း။
ယခုပြုလုပ်ပေးမည့်ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူသည့် အချက် ၃ ချက်ရှိကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် အနိုင်ရသူအကုန်ယူ (First Past The Post-FPTP) စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP) ကို အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ မဲပေးတဲ့စနစ်ဖြစ်ပြီး ကြိုတင်မဲများကလွဲပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံများ၌ မဲပေးရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine-MEVM) များနှင့် ခလုတ်နှိပ်ပေးရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ ရွေးကောက်ပွဲကျင်းပသည့် ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ် မူတည်ပြီး အပိုင်းလိုက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့ ဒေသအသီးသီးကို ရောက်ရှိချိန်တွင်လည်း လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများဖြစ်အောင် အစဉ်လေ့ကျင့်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မိမိတတ်ကျွမ်းသည့် ဆေးပညာနှင့် တပ်မတော်သားများအပေါ် ဆေးအကာအကွယ်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးမှုများကို အစဉ်အလေးထား ဆောင်ရွက်သွားကြရန်၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာနေသည့် ဆေးပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အရည်အသွေး ထူးချွန်ထက်မြက်တောက်ပြောင်သည့် “သမားဇာနည် အောင်စစ်သည်များ” ဖြစ်အောင် လေ့ကျင့်ဆောင်ရွက်သွားကြရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် ဆေးသိပ္ပံပညာရှင် ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားရင်း ကောင်းမြတ်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် သင်တန်းကာလရှည် တစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုအကျိုးရလဒ်ကို ခံစားရခြင်းပင်ဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့သည့် ကြိုးစားအားထုတ်မှု အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ ရည်မှန်းချက်များ၊ မိဘများ၏ မျှော်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်မှ ထူးချွန်စွာဖြင့် သင်တန်းဆင်းခဲ့ကြသည့် နောင်တော်တပ်မတော်အရာရှိများသည်လည်း စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြကြောင်း။
ကမ္ဘာကြီးသည် စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည်ဖြစ်သည့်အတွက် ခေတ်နှင့် အမီလိုက်နိုင်ရေး စာပေဖတ်ရှုလေ့လာခြင်း၊ လက်တွေ့အသုံးချခြင်း၊ မျှဝေခြင်းများကို အမြဲမပြတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း။
ငယ်စဉ် ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက် သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘ၊ ဆရာတို့၏ဂုဏ်ကျေးဇူးကို သိတတ်နားလည် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ တန်ဖိုးရှိသည့်အသိပညာများနှင့် အတတ်ပညာများကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးလိုက်သည့် တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း အရာရှိကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦး ပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကို တန်ဖိုးထား၍ စောင့်ထိန်းနေထိုင်ကာ ဆက်လက်တိုးတက်အောင် နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသည့် တာဝန်များကိုကျေပွန်အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ချိန်တွင်လည်း လက်အောက်မှ လက်ခံအားကိုး ယုံကြည်ရသည့် ခေါင်းဆောင်ကောင်းများဖြစ်စေရေး၊ ကြီးမားသည့်တာဝန်များကို လက်ဆင့်ကမ်း တာဝန်ပေးအပ်နိုင်ရေး မိမိဘဝကိုမိမိ ဆက်လက် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


