ထိုင်းဆီးဂိမ်းလှေလှော်ပြိုင်ပွဲ ပထမနေ့ကို ဒီဇင်ဘာ ၁၀ ရက်က The Royal Thai Navy Rowing and Canoeing Training Center ၌ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ငွေတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိ သည်။

ပြိုင်ပွဲပထမနေ့တွင် ကနူး၊ ကယက်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ပွဲစဉ် လူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပပြီး အမျိုးသား မီတာ ၅၀၀ ကနူး တစ်ဦးချင်းပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းက ငွေတံဆိပ်ဆုရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် ထိုင်းကစားသမား ပစ်ပီဘွန်းက ၁ မိနစ် ၅၈ ဒသမ ၃၁၄ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ မြန်မာကစားသမား မျိုးလှိုင်ဝင်း က ၁ မိနစ် ၅၈ ဒသမ ၇၇၃ စက္ကန့်ဖြင့် ငွေတံဆိပ်၊ ဗီယက်နမ်ကစားသမား ဖန်ဟောင်ကွမ်က ၂ မိနစ် ဝ၃ ဒသမ ၆၆၃ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆု ရရှိသည်။ မျိုးလှိုင်ဝင်းသည် ရွှေတံဆိပ်ရရှိသည့် ထိုင်းကစားသမားနှင့် အနည်းငယ်သာကွာပြီး ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ငွေတံဆိပ်ဆုရရှိသည့် မျိုးလှိုင်ဝင်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နာယက ဦးကျော်စိန်၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း (Jewellery Luck Group of Companies)တို့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် ပီတန်းအမျိုးသမီး Shooting ပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၄၃ မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ရမှတ် ၃၇ မှတ်ဖြင့် ဒုတိယရရှိခဲ့ပြီး မြန်မာအသင်းမှ ပီတန်းအားကစားသမား ခင်ချယ်ရီသက်သည် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ -MRF