စစ်တွေ ဒီဇင်ဘာ ၁၀
မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများသို့ ဖြန့်ဝေပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဦး မေယုလမ်း၌ ခရီးသွားပြည်သူများ၊ ခရီးသည်ယာဉ်များအား “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြစို့”၊ “ဒီမိုကရေစီပန်းတိုင်ဆီ မဲပေးခြင်းဖြင့် ဒို့လှမ်းချီ”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”၊ “တိုင်းပြည်သာယာဝပြောရေး နိုင်ငံသားတိုင်း မဲပေးပေး”၊ “လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်” စသည့် စတစ်ကာများကို ယာဉ်များတွင် ကပ်နှံပေးခြင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဦးဥတ္တမပန်းခြံရှေ့ လမ်းမကြီး၊ မြို့မဈေးနှင့် မြို့လယ်ချောင်း တံတားအနီးတို့တွင် ပြည်သူများသို့ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များတွင် စတစ်ကာများ ကပ်နှံပေးကြသည်။
အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင် အသိပညာပေးစတစ်ကာ ကပ်ပေးခြင်းများကို ဆောင်ရွက်သည်။
ဆက်လက်၍ စစ်တွေမြို့ ဦးဥတ္တမပန်းခြံ သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေမှု၊ ဦးဥတ္တမ ခန်းမအဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးများ တည်ဆောက်ပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်(၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


