နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ဒေသတွင်း တာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်း လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် လေးထပ်အဆောက်အအုံတစ်လုံး၊ သုံးထပ် အဆောက်အအုံတစ်လုံးနှင့် နှစ်ထပ် အဆောက်အအုံရှစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၀ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၆၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် KK park နှင့် ရွှေကုက္ကိုလ် နယ်မြေရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု ခဲ့သည့် ပစ္စည်းများအား ထပ်မံအသုံးပြုမှု မရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါနယ်မြေများ၌ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ထိုင်းနိုင်ငံသားလေးဦးကို မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် တရားမဝင်ပြည်ပ နိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံ များသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက် အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသား များ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း အဆောက်အအုံ ၁၃၂ လုံး ထပ်မံစစ်ဆေးနိုင်ခဲ့ပြီး အဆိုပါ အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တရားမဝင်နိုင်ငံသားများ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


