ရန်ကုန် ဒီဇင်ဘာ ၁၁
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိရာ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ အားကစားအဖွဲ့များမှ အားကစား နည်းများအလိုက် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြ စုစုပေါင်း ၃၈ ဦး ပါဝင်သော မြန်မာ့အားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


