ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၁ ရက်က ဆက်လက်ကျင်းပရာ မြန်မာကစားသမား ပေါက်စ ဗိုလ်လုပွဲတက်ရောက်သွားပြီး နာမည်ကြီး စင်ကာပူကစားသမား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံနေသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်  ပေါက်စက ထိုင်းကစားသမား ယူတာပေါ့ကို ၃-၂ ပွဲ၊ စင်ကာပူ ကစားသမား ပီတာဂေးလ်ခရစ်က ထိုင်းကစားသမား ပရာပွတ်ကို ၃-၂ ပွဲနှင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပေါက်စနှင့် ယူတာပေါ့တို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲငယ်တစ်ပွဲစီ အပြန်အလှန်အနိုင်ရသဖြင့် ငါးပွဲမြောက်အထိ ယှဉ်ပြိုင်ခဲ့ရသည်။ ပထမပွဲငယ်တွင် ပေါက်စက ၁၀၁-၅၃ မှတ်ဖြင့် အနိုင်ရပြီး ဒုတိယပွဲငယ်တွင် ယူတာပေါ့က ၁၀၁-၂၉ မှတ်ဖြင့် ပြန်လည်အနိုင်ရရှိသည်။ ပေါက်စသည် တတိယပွဲငယ်တွင် ၁၀၁-၂၇ မှတ်ဖြင့် အနိုင်ရသော်လည်း စတုတ္ထပွဲငယ်တွင် ၄၃-၁၀၀  မှတ်ဖြင့် ပြန်လည်အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် ပဉ္စမပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာပြီး ပေါက်စက ၁၀၁-၀ မှတ်ဖြင့် အပြတ်အသတ်အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည်  ၂၀၂၁ နှင့်  ၂၀၂၃ ဆီးဂိမ်း နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင်ဖြစ်ပြီး ဗိုလ်လုပွဲတွင် ပီတာဂေးလ်ခရစ်နှင့် သုံးကြိမ်ဆက်တိုက် တွေ့ဆုံနေခြင်းဖြစ်သည်။

ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-ISTAF