ချမ်းငြိမ်းဇော် (ဘော်လီဘောအားကစားသမား)

ရန်ကုန်   ဒီဇင်ဘာ   ၁၁

(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ  ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအမျိုးသားဘော်လီဘော၊ လက် ဝှေ့ ၊ မွေ၊ မြားပစ်၊ ဝူရှူး၊ ပန်ကြပ် ဆီလပ်၊ E Sports အားကစားသမားများသည်   ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့လည်းကောင်း၊ အလေးမ အားကစားသမားများသည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့သို့လည်းကောင်း    သက်ဆိုင်ရာ အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိရေး  ကြိုးပမ်းကာ ပါဝင်ယှဉ်ပြိုင်သွားကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ချမ်းငြိမ်းဇော်

ဘော်လီဘောအားကစားသမား

ကျွန်တော်က ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကတည်းက ဘော်လီဘောအားကစား လက်ရွေးစင်ဖြစ်ခဲ့တာပါ။   အခုပြိုင်ပွဲနဲ့ဆို လက်ရွေးစင်ဖြစ်တာ  နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ အခု ဆီးဂိမ်းပြိုင်ပွဲအတွက် ‌  ခြောက်လလောက် လေ့ကျင့်ထားပါတယ်။ ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းရဲ့ ကစားပုံတွေကို လေ့လာထားပါတယ်။ ပြိုင်ပွဲအုပ်စု နည်းနည်းကျပ်ပေမယ့် အားလုံးစုစုစည်းစည်းနဲ့   အစွမ်းကုန်ကြိုးစားပြီး ပြိုင်ဘက်အသင်းတွေကို ဖြတ်ကျော်ခဲ့မယ်။ အမှားနည်းနည်းနဲ့ အမှတ်အများဆုံး ရအောင်ကြိုးစားပြီး   ဆုတံဆိပ်တစ်ခုခုရရှိအောင်  ယှဉ်ပြိုင်ခဲ့ပါမယ်။ 

စူပါရေချမ်း

မွေအားကစားသမား

ကျွန်တော့် ဝါသနာအရအပြင် ဝိုင်းတွေမှာ ယှဉ်ပြိုင်ကတည်းက မွေအားကစားနည်းနဲ့  ယှဉ်ပြိုင်ထိုးခဲ့ပါတယ်။   မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်က ကျွန်တော့်ကို   အတွေ့အကြုံရှိလို့   ခေါ်ယူခဲ့တာဖြစ်ပါတယ်။   အခုဆီးဂိမ်းအတွက် သုံးနှစ်လောက် ပြင်ဆင်ကြိုးစားထားပါတယ်။ ကျွန်တော် နဲ့  အဓိကပြိုင်ဘက်က   ထိုင်းအသင်းပါ။ သူတို့ရဲ့  ဟာကွက်၊ ယိုပေါက်တွေရှာပြီး   အထူးကြိုးစားယှဉ်ပြိုင်ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့   ဆုတံဆိပ် တစ်ခုခုရယူခဲ့ပါမယ်။

ချယ်ရီသန်း

ဝူရှူးအားကစားသမား

ပြိုင်ပွဲဝင်ဖို့အတွက် ၂၀၂၃၊ ၂၀၂၄ ခုနှစ်ကတည်းကစပြီး လေ့ကျင့်ခဲ့တာပါ။ လေ့ကျင့်မှုအပိုင်းမှာ ပထမက  မြန်မာနည်းပြ၊ နောက်ပိုင်း   တရုတ်နည်းပြနဲ့ တစ်လခွဲခန့်လာပြီး လေ့ကျင့်ပေးပါတယ်။ လေ့ကျင့်သားက ပြည့်ဝနေပါပြီ။ ပြိုင်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မတို့ အမြင့်ဆုံးအထိ မှန်းထားပါတယ်။ ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့ပါမယ်။

ဝေမင်းရှိန်

E Sports အားကစားသမား

E Sports က ဘောလုံးကန်တဲ့ ကစားနည်းပါ။ ဖေ့စ်ဘုတ်မှာ E Sports   ပြိုင်ပွဲရှိတယ်ဆိုတာ တွေ့ပါတယ်။ အဲဒီကနေနိုင်တဲ့ သူက ကွာလဖိုင်းဖြစ်သွားရင် ဆီးဂိမ်းကို ဝင်ပြိုင်ရမယ်ဆိုတာ သိခဲ့ တယ်။ ကျွန်တော်တို့ဆော့တဲ့ဂိမ်းနဲ့  နည်းနည်းကွဲလွဲမှုတွေရှိတယ်။ ဒါပေမဲ့ ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်တာပါ။ အခုတော့ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီ။ အတတ်နိုင်ဆုံး ကြိုးစားပြီး ယှဉ်ပြိုင်မှာပါ။ ကြိုးစားပြီး ဆုတွေယူလာခဲ့မှာပါ။

ဦးတင်ငွေ

ဘော်လီဘောအမျိုးသားအသင်း အုပ်ချုပ်သူ

အမျိုးသားဘော်လီဘောအသင်းကို လွန်ခဲ့တဲ့ ခြောက်လကတည်းက အကောင်းဆုံးကစားသမားတွေကို ရွေးချယ်လေ့ကျင့်ခဲ့တယ်။ အခုပြိုင်ပွဲကို အုပ်ချုပ်သူ တစ်ဦး၊ နည်းပြ နှစ်ဦး၊ အားကစားသမား ၁၂ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာပါ။ ပြိုင်ပွဲက ၁၃ ရက်မှာ စတင်ယှဉ်ပြိုင်မှာပါ။ အားကစားသမား တွေက ပြိုင်ပွဲနဲ့တူတဲ့ အားကစားပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန်စုစုစည်းစည်း လေ့ကျင့်ထားပါတယ်။ ထိုင်းနိုင်ငံက  အားကစားသမားနဲ့အတူ   လက်ရည်စမ်းပွဲတစ်ပွဲ ကစားခဲ့ပါတယ်။ ပြိုင်ပွဲမှာ အုပ်စု အကျပ်အတည်းထဲ ရောက်နေပေမယ့် ပြိုင်ဘက်အသင်းဖြစ်တဲ့ ဖိလစ်ပိုင်၊  အင်ဒိုနီးရှားအသင်းတို့ကို အကောင်းဆုံးဖြတ်ကျော်ပြီး ယှဉ်ပြိုင်ကြိုးစားခဲ့ပါမယ်။

ဦးကျော်ဇင်ဦး

မွေအားကစားအဖွဲ့အုပ်ချုပ်သူ

အခု ဆီးဂိမ်းပြိုင်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးက အားကစားသမားတွေထဲက အကောင်းဆုံးကစားသမားတွေကို အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ စခန်းသွင်းလေ့ကျင့်သင်ကြားပေးခဲ့တယ်။ အားကစားသမားတွေက ကျား ကိုးဦး၊ မ ငါးဦးက ဝိတ်တန်းအလိုက်ယှဉ်ပြိုင်ရမယ်။ မွေအဖွဲ့ချုပ် အနေနဲ့ အကောင်းဆုံးအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားတွေနဲ့ စနစ်တကျဖွဲ့စည်းထားပြီး ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်းထားပါတယ်။   ရအောင်လည်း    အစွမ်းကုန်ယှဉ်ပြိုင်ကြိုးစားခဲ့ပါမယ်။

ဒေါ်ဆွေဆွေသန်း

ဝူရှူးအားကစားအဖွဲ့ အုပ်ချုပ်သူ

အားကစားသမားတွေက အမျိုးသား ရှစ်ဦး၊  အမျိုးသမီး ငါးဦး၊ အုပ်ချုပ်သူ   နည်းပြလေးဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာပါ။ ထောက်လွှတ်၊ ဆန့်လွှတ်အားကစားနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဆန့်လွှတ်အားကစားနည်းက အမျိုးသား နှစ်တန်း၊ အမျိုးသမီး နှစ်တန်း၊ ထောက်လွှတ် အားကစားမှာက အမျိုးသား ငါးတန်း၊ အမျိုးသမီး သုံးတန်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲက ၁၃ ရက်ကနေ ၁၅ ရက်အထိ၊ (၃၂) ကြိမ်တုန်းကတော့ ဝူရှူးအားကစားနည်းနဲ့ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ အခု (၃၃)ကြိမ်မှာလည်း ရွှေတံဆိပ်ဆုကို ရရမယ်ဆိုတဲ့စိတ်နဲ့ သွား ရောက်ယှဉ်ပြိုင်ကြမှာပါ။

ဇော်မင်းလတ်၊ သီဟ