နေပြည်တော် ဒီဇင်ဘာ ၁၂
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ် နိုင်ငံတကာဖိုရမ်ကို ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန် ကွန်ဂရက်စင်တာ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်သည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်း ကြားနေမူဝါဒ နှစ် (၃၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပန်းစည်းချ အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်ခေါင်းဆောင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ရာ တာ့ခ်မင် နစ္စတန်နိုင်ငံ သမ္မတ Mr. Serdar Berdimuhamedov က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး တာ့ခ်မင် နစ္စတန်နိုင်ငံ၏ အမြဲတမ်း ကြားနေမူဝါဒ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် ပန်းစည်းချဂုဏ်ပြုကြသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ခေါင်းဆောင်များသည် တာ့ခ်မင် နစ္စတန်ကွန်ဂရက်စင်တာ ဧည့်ခန်းမ၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု-“စဉ်ဆက်မပြတ်သော အနာဂတ် အတွက် ရည်မှန်းချက်ပန်းတိုင်များ ပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimu-hamedov က အဖွင့်မိန့်ခွန်း ပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် နိုင်ငံအလိုက် ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက မိန့်ခွန်းများပြောကြား ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာတွင် ယခုကျင်းပသည့် အထိမ်းအမှတ် ဖိုရမ်အခမ်းအနားသည် တာ့ခ်မင် နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒ နှစ်(၃၀)ပြည့် အထိမ်းအမှတ် အခါသမယနှင့်လည်း တိုက်ဆိုင်နေခြင်းကြောင့် ထူးခြားအရေးပါ သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ(၅)ရပ် ကို ကိုင်စွဲကျင့်သုံးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နှင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင်ခဲ့ရသည့်အချိန်တွင် နိုင်ငံတကာအသိုက် အဝန်းက ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားထားသည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ညပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံက တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ခဲ့သည်။
ယမန်နေ့ကလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


