ရန်ကုန် ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံ၌ကျင်းပနေသည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက် ကစားသမား ပေါက်စ အရေးနိမ့်ပြီး ရွှေတံဆိပ် ဆုနှင့် လွဲချော်ခဲ့သည်။
ပေါက်စသည် ဗိုလ်လုပွဲတွင် ပြိုင်ဘက်ဟောင်း နာမည်ကြီး စင်ကာပူကစားသမား ပီတာဂေးလ်ခရစ်နှင့်တွေ့ဆုံခဲ့ပြီး သုံးပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုကို သုံးကြိမ်ဆက်ရယူနိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပီတာဂေးလ်ခရစ်သည် ပေါက်စကို ပထမပွဲငယ်တွင် ၁၀၃-၄၈ မှတ်၊ ဒုတိယ ပွဲငယ်တွင် ၁၀၂-၅၉ မှတ်၊ တတိယပွဲငယ်တွင် ၁၀၀-၄၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ မြန်မာဘိလိယက်အဖွဲ့သည် တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိပြီးနောက် ဒီဇင်ဘာ ၁၃၊ ၁၄ ရက်တွင် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာစနူကာအဖွဲ့သည် စနူကာအသင်း လိုက်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်ကကျင်းပသည့် ကွာတားဖိုင်နယ်ပွဲများတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို သုံးပွဲပြတ်၊ လာအို အသင်းက စင်ကာပူအသင်းကို ၃-၂ ပွဲ၊ မလေးရှားအသင်းက စင်ကာပူအသင်းကို ၃-၂ ပွဲဖြင့် အနိုင်ရရှိပြီး အိမ်ရှင်ထိုင်းအသင်းမှာ မူဘိုင်ရပြီး ဆီမီးဖိုင်နယ်မှ စတင်ကစားရမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-PPS


