နေပြည်တော် ဒီဇင်ဘာ ၁၄
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် သပိတ်ကျင်းမြို့၏ တောင်ဘက် မီတာ ၇၀၀၀ ခန့် အကွာရှိ ဇရပ်ကွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ ဆုတ်ခွာထွက်ပြေးစဉ် ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ - သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် တံတားအရှည်ပေ ၈၀၊ အကျယ် ၁၅ ပေရှိ သံကူကွန်ကရစ် တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုကြောင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
အကြမ်းဖက် သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည် စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးခဲ့သည့် တံတားအား ပုံမှန်အတိုင်းပြန်လည် အသုံးပြုနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


