သုံးခွ ဒီဇင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအတွက် တောင်သူနည်းပညာပေးသင်တန်းကို သုံးခွမြို့နယ် လေးကျွန်းမာန်အောင်ဘုရားဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်သည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက ပဲတီစိမ်းများအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေများ၊ စျေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ ပဲတီစိမ်းတင်ပို့ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ ပညာရှင်များက မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအား လိုက်နာဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာ အာဟာရစီမံခန့်ခွဲခြင်းနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာစနစ် တကျသုံးစွဲရေး၊ ဖျက်ပိုးများအား ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ အသုံးပြု၍ ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးများကို လိုအပ်မှသာ စနစ်တကျ အသုံးပြုရေးတို့ကို ဆွေးနွေးပို့ချခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးနည်းစနစ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သင်တန်းနည်းပြများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)