နေပြည်တော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေတို့ရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ် တကျ ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် သုံးထပ်အဆောက်အအုံ တစ်လုံးနှင့် နှစ်ထပ်အဆောက်အအုံ ၁၅ လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၆ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၄၂၉ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိ
ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက် နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တစ်ထပ် အဆောက်အအုံ ခြောက်လုံး၊ နှစ်ထပ်အဆောက်အအုံ လေးလုံး၊ သုံးထပ်အဆောက်အအုံ ၂၀ နှင့် လေးထပ်အဆောက်အအုံ ခြောက်လုံး စုစုပေါင်းအဆောက်အအုံ ၃၆ လုံးကို ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်ခြင်းနှင့် တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းများ မရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ယင်းအပြင် မြဝတီမြို့နယ် အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်း မရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


