စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်တက္ကသိုလ်များတွင် မိုးလေဝသပညာ၏ အရေးပါမှု(အပိုင်း - ခ)
ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ် - ငြိမ်း)
စိုက်ပျိုးရေးမိုးလေဝသပညာရပ်ဘာသာကို လေ့လာ၊ သုတေသနပြုရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ ရူပဗေဒ (Agricultural Physics) ပညာ/ဘာသာ အပြီး နောက်ဆက်စပ်ဘာသာများမှာ -
ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ (Atmospheric Science)
ဤဘာသာရပ်သည် မြေကြီးပတ်ဝန်းကျင်ရှိ လေထု(အထူလွှာ)၏ ပျော်ဝင်မှု၊ လေညင်း တိုက်ခတ်မှု၊ ရာသီဥတုပြောင်းလဲမှု၊ မိုးရွာခြင်းနှင့် မိုးလေဝသထိခိုက်မှုတို့ကို သုတေသနပြုလေ့လာ သောသိပ္ပံဖြစ်ပါသည်။ ဤဘာသာရပ်ကို လေ့လာရာတွင် မိုးကြိုတင်ခန့်မှန်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ လေထုစနစ်များ စသည့်အရာများကို နားလည်ရန် အရေးကြီးပါသည်။ ကျောင်းသား ကျောင်းသူများက ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် မိုးလေဝသ ဆက်စပ်ဘာသာများကို သင်ယူလေ့လာရပါမည်။
နိုင်ငံတကာတက္ကသိုလ်များမှ ကမ္ဘာ့လေထုဆိုင်ရာသိပ္ပံ (Atmospheric Science) ဘွဲ့ရရှိပါက ရရှိနိုင်သော နိုင်ငံတကာအလုပ်အကိုင်များ။ လေနှင့် ရေအရည်အသွေး စစ်ဆေးမန်နေဂျာ၊ လေထုဆိုင်ရာ သုတေသီ၊ ရာသီဥတုသိပ္ပံပညာရှင် (Climatologist)၊ ကွန်ပျူတာသိပ္ပံပညာရှင်၊ ကမ္ဘာ့မြေကြီး သိပ္ပံပညာရှင်၊ ရေနှင့် မိုးလေဝသဆိုင်ရာ ပညာရှင်၊ ကိရိယာတပ်ဆင်နည်းပညာရှင်၊ အာမခံ တောင်းခံမှု စုံစမ်းရေးမှူး၊ မိုးလေဝသပညာရှင်၊ ရှေးဟောင်းရာသီဥတုသုတေသီ၊ ဥယျာဉ်မှူး/ သဘာဝပန်းခြံထိန်းသိမ်းရေးမှူး၊ ပါမောက္ခ၊ ရေဒါ ဘူမိရူပဗေဒပညာရှင်၊ ဂြိုဟ်တုဒေတာဆန်းစစ်သူ၊ ကျောက်လွှာဖွဲ့စည်းမှုပညာရှင်၊ မုန်တိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ ငလျင်ပညာရှင်၊ မိုးလေဝသသတင်း ထောက်၊ မိုးလေဝသခန့်မှန်းသူ စသည့် အလုပ်အကိုင်များသည် လေထုနှင့်ရာသီဥတုဆိုင်ရာ သိပ္ပံ ဘာသာရပ် (Atmospheric Science )သင်ယူခြင်းဖြင့် ရရှိနိုင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သုတေသန၊ နည်းပညာနှင့် ပညာရေးနယ်ပယ်များတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်ပါသည်။
ဤဘာသာရပ်ကြီးအတွက် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ် သုံးခုမှာ
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၊ အမေရိကန်နိုင်ငံ (MIT - Massachusetts Institute of Technology, US)။ မြေထု၊ လေထုနှင့် ဂြိုဟ်များဆိုင်ရာ သိပ္ပံဌာန (Department of Earth, Atmospheric and Planetary Sciences)မှ ဤပညာ ပထမဘွဲ့၊ မဟာ၊ ပါရဂူဘွဲ့ (B.S./M.S./PhD in Atmospheric Science)နှင့် မိုးလေဝသပညာဘွဲ့ ပေးအပ်ပါသည်။ ထိပ်ဆုံးရောက်နေသော သုတေသနများမှာ ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသကြိုတင်ခန့်မှန်းမှုအတွက် နိုင်ငံတကာ အဆင့်မြင့် သုတေသန၊ နာရီအလိုက် မိုးလေဝသ ခန့်မှန်းမှုနည်းပညာ (Numerical Weather Pre-diction)၊ အာကာသလေထုသိပ္ပံ (Space Weather) နှင့် ဂြိုဟ်လေထုသိပ္ပံတို့ ဖြစ်ပါသည်။ (မှတ်ချက်- နံနက် မိမိအိမ်မှ အပြင်ထွက်၊ ခရီးသွားမည်ဆိုပါက ခန့်မှန်းချက်အတွင်း နေပုံ၊ ထီးပုံလေးတွေ့ကာ ၁ - ၂ နာရီအတွင်း မိုးရွာမည်ဆိုပါက သေချာပေါက် ရွာသွန်းသည်အထိ ခန့်မှန်းပေးနိုင်ပါသည်။)
ရက်ဒင်းတက္ကသိုလ်၊ ယူကေနိုင်ငံ (University of Reading, UK) ။ မိုးလေဝသဌာန (Department of Meteorology)မှ မိုးလေဝသနှင့် ရာသီဥတုသိပ္ပံ ဘွဲ့ကြို/ဘွဲ့လွန်ဘွဲ့ (B.S./M.S./Ph.D. in Meteoro-logy/Climate Change and Risk) ပေးအပ်ပါသည်။ ဥရောပ မိုးလေဝသခန့်မှန်းမှုစင်တာနှင့် ပူးပေါင်းထားသော တက္ကသိုလ်ဖြစ်သည်။ ထိပ်ဆုံးရောက်နေ သော သုတေသနများမှာ အရည်အသွေးမြင့် မိုးတိမ်နှင့် ရေငွေ့သုတေသန၊ ဂြိုဟ်တုမှ မိုးလေဝသသတင်း အချက်အလက်များကို ဆောင်ရွက်ပါသည်။
ဗာဂန်နီဂန်သုတေသနတက္ကသိုလ်၊ နယ်သာလန်နိုင်ငံ (WUR – Wageningen University & Research, The Netherlands)။ သဘာဝပတ်ဝန်း ကျင်သိပ္ပံအဖွဲ့ (Environmental Science Group) သင်ကြား/သုတေသနပြုမှုအောက်တွင် မဟာသိပ္ပံ- မိုးလေဝသနှင့် လေထုအရည်အသွေး (M.S. in Meteorology and Air Quality) ဘွဲ့ပေးပါသည်။ ထိပ်ဆုံးရောက်နေသော သုတေသနများမှာ လေထု ညစ်ညမ်းမှုအကြောင်း သုတေသန၊ မိုးလေဝသနှင့် စိုက်ပျိုးရေးထိတွေ့မှု သုတေသန၊ သဘာဝလေထုကို လေ့လာရန် ကွင်းသုံးကိရိယာများ၊ အဝေးမှ အာရုံခံခြင်းနှင့် ရာသီဥတုပုံစံများ အသုံးပြုခြင်းတို့ ဖြစ်ပါသည်။
ဇလဗေဒ (Hydrology)
Hydrology(ဇလဗေဒ)ဆိုသည်မှာ မြေမျက်နှာပြင်ပေါ်နှင့် မိုးလေထုအတွင်းရှိ ရေ၏ ဖြစ်ထွန်း ပေါ်ပေါက်မှု၊ ခရီးသွားလမ်းကြောင်း၊ ဖြန့်ဝေမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လေ့လာသည့် သိပ္ပံဘာသာခွဲတစ်ခု ဖြစ်ပါသည်။ ဤဘာသာ/ပညာရပ်တွင် မြစ်ရေ၊ ချောင်းရေနှင့် မြေအောက်ရေများ ပါဝင်သည်။
ဤပညာရပ်သည် ရေသံသရာကို လေ့လာခြင်း ဖြစ်ပါသည်။ ယင်းတွင် မိုးရွာခြင်း၊ ရေငွေ့ပြန်ခြင်း၊ မျက်နှာပြင်ရေစီးဆင်းမှုနှင့် မြေအောက်ရေစီးဆင်းမှု တို့ပါဝင်သည်။ ထို့ပြင် ရေနှင့် ပတ်ဝန်းကျင်အကြား အပြန်အလှန် သက်ရောက်မှုများ၊ ဂေဟစနစ်များနှင့် လူသားလုပ်ဆောင်ချက်များအပေါ် ရေကြောင့် ဖြစ်ပေါ်သော အကျိုးသက်ရောက်မှုများကိုလည်း လေ့လာပါသည်။ ဇလဗေဒပညာရှင်များသည် ရေအရင်းအမြစ်များကို စီမံခန့်ခွဲရန်၊ ရေကြီးမှုနှင့် မိုးခေါင်မှုများကို ကြိုတင်ခန့်မှန်းရန်၊ ရေဆိုင်ရာ အခြေခံအဆောက်အအုံများ ဒီဇိုင်းဆွဲရန်တို့အတွက် ဤပညာကို အသုံးချသည်။ ဤပညာသည် ရေသိပ္ပံ ပညာဘာသာကြီး၏ ဘာသာရပ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ရေသိပ္ပံပညာသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မိုးလေဝသပညာရှင်များ အပါအဝင် လိုအပ်နေသော ဘာသာကြီးဖြစ်ပြီး ယင်းတွင် ရေနှင့်သက်ဆိုင်သော အောက်ပါဘာသာရပ်များ ပါဝင်သည် -
ရေအရည်အသွေး။ ရေ၏ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ဇီဝဗေဒဆိုင်ရာ ဂုဏ်သတ္တိများနှင့် ညစ်ညမ်းမှု များကြောင့် ယင်းတို့အပေါ် သက်ရောက်မှုများကို လေ့လာခြင်း။
ရေအရင်းအမြစ်စီမံခန့်ခွဲမှု ။ လူသားနှင့် ဂေဟစနစ်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရေအရင်းအမြစ်များ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့် စီမံခန့်ခွဲမှုကို အဓိကထားလေ့လာခြင်း။
ဇလဘူမိဗေဒ ။ မြေအောက်ရေ၏ ဖြစ်တည်မှု၊ ရွေ့လျားမှုနှင့် အရည်အသွေးကို လေ့လာခြင်း။
ကုန်းတွင်းရေပြင် ဂေဟဗေဒ ။ ရေကန်များနှင့် အခြားကုန်းတွင်း ရေပြင်ဂေဟစနစ်များကို လေ့လာခြင်း။
သမုဒ္ဒရာသိပ္ပံ ။ သမုဒ္ဒရာများ၏ ရူပ၊ ဓာတုနှင့် ဇီဝဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို လေ့လာခြင်း စသည်တို့ဖြစ်ပါသည်။
မိုးလေဝသ၊ ဇလဗေဒတို့ကို စနစ်တကျလေ့လာဖို့ စိုက်ပျိုးရေးအင်ဂျင်နီယာ၊ သဘာဝပတ်ဝန်းကျင် သိပ္ပံ၊ ဘူမိဗေဒ၊ ရေအရင်းအမြစ် အင်ဂျင်နီယာပညာရပ်များကိုလည်း ပူးတွဲလေ့လာရန် လိုအပ်ပါသည်၊
ရန်ကုန်တက္ကသိုလ်တွင် ပတ်ဝန်းကျင်နှင့် ရေလေ့လာရေးပညာဌာန ဖွင့်လှစ်ထားပြီး သိပ္ပံဘွဲ့- ရေသိပ္ပံပညာ၊ မဟာသိပ္ပံ၊ ပါရဂူဘွဲ့များ ပေးအပ် လျက်ရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးပညာရပ် များ၊ ပညာရှင်များနှင့် ပူးတွဲသုတေသနပြုရန်လည်း လိုအပ်ပါဦးမည်။
ပထဝီပညာ
စိုက်ပျိုးရေးမိုးလေဝသပညာတွင် ပထဝီဝင် (အထူးသဖြင့် သဘာဝပထဝီဝင်နှင့် ရာသီဥတု ပညာ)ကို လေ့လာရန် အလွန်အရေးပါပါသည်။ တချို့တက္ကသိုလ်များတွင် မိုးလေဝသ၊ ပထဝီဝင်နှင့် စိုက်ပျိုးမွေးမြူရေးကို ပေါင်းစပ်သင်ကြားပေးသည့် ဘာသာရပ်များ ပါရှိပါသည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ လက်ရှိအနေအထားအရ ၁၉၆၄ ခုနှစ် နောက်ပိုင်း ဘာသာရပ်ပေါင်းစုံသင် တက္ကသိုလ်များ မဟုတ်တော့သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တက္ကသိုလ်များတွင် ပထဝီဝင်ဘာသာကို တွဲဖက်ဘာသာ (Minor Subject) အဖြစ် သင်ယူလေ့လာရန် အခက်အခဲရှိပါသည်။
ဆက်စပ်ပုံရာသီဥတုပညာ။ ပထဝီဝင်၏ ဘာသာရပ်ခွဲဖြစ်ပြီး ရေရှည်ရာသီဥတုပုံစံများကို လေ့လာကာ စိုက်ပျိုးရေးအတွက် အရေးပါသည်။
သဘာဝပထဝီဝင်။ မြေမျက်နှာသွင်ပြင်၊ အမြင့်၊ မြေအသုံးချမှုစနစ်များသည် ရာသီဥတုနှင့် ဒေသိယ အခြေအနေများကို သက်ရောက်မှုရှိသည်။
ပထဝီအချက်အလက်နည်းပညာနှင့် အာကာသမှတ်တမ်းရုပ်ပုံများ။ ပထဝီဝင်တွင် အသုံးပြုသော ဤနည်းပညာများကို မိုးလေဝသခန့်မှန်းရေးတွင် အများဆုံး အသုံးပြုသည်။
စိုက်ပျိုးရေးမိုးလေဝသပညာတွင် မိုးလေဝသ အချက်အလက်များ (မိုးရေချိန်၊ အပူချိန်)နှင့် ပထဝီ ဆိုင်ရာ အချက်များ (မြေအမျိုးအစား၊ မြေပြန့် မြေမြင့် ကွာခြားမှု)နှစ်ခုလုံး လိုအပ်မှုကို ပထဝီ ပညာဗဟုသုတများက ပံ့ပိုးပေးနိုင်ပါသည်။
သင်္ချာပညာ
ဤပညာ/ဘာသာသည် စာရေးသူတို့ မူလတန်းကျောင်းသားဘဝမှစ၍ တက္ကသိုလ်အထိ လေ့လာသင်ကြား/သင်ယူနေရသော ဘာသာဖြစ်ပါသည်။
မိုးလေဝသလေ့လာတွေ့ရှိချက်များကို စိုက်ပျိုးရေးအတွက် လက်တွေ့ကျသော အချက်အလက် များအဖြစ် ပြောင်းလဲခြင်းသည် သင်္ချာဖြင့် အခြေခံထားသည်။ သင်္ချာသည် စိုက်ပျိုးရေးဆိုင်ရာ အသုံးချမှုများစွာအတွက် မရှိမဖြစ်လိုအပ်ကြောင်း အတိအလင်း အသိအမှတ်ပြုထားသည်။ ဥပမာ- စိုက်ပျိုးရန်အတွက် ရေပမာဏလိုအပ်ချက်/အကောင်းဆုံး သတ်မှတ်ခြင်း၊ မြေသြဇာလိုအပ်ချက်ပမာဏ တိကျစွာ သတ်မှတ်ခြင်း၊ ကူးစက်ရောဂါဗေဒနှင့် မြေဆီလွှာ၊ အထွက်တိုးမှု တိုင်းတာခြင်းကဲ့သို့သော ပိုမိုရှုပ်ထွေးသော နယ်ပယ်များတွင်လည်း အသုံးပြု သည်။ သင်္ချာမော်ဒယ်များသည် ရှုပ်ထွေးသော စိုက်ပျိုးရေးပြဿနာများကို ဖြေရှင်းရန်၊ သိပ္ပံနည်းကျ နားလည်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ရှုပ်ထွေးသောစနစ်များကို ပမာဏဖြင့် ဖော်ပြရန် မရှိမဖြစ်လိုအပ်သည်။ ဤပမာဏဆိုင်ရာ ချဉ်းကပ်မှုသည် စိုက်ပျိုးရေးစီမံကိန်းရေးဆွဲသူများအတွက် နည်းဗျူဟာမြောက် ရေတိုဆုံးဖြတ်ချက်များ (ဥပမာ- နေ့စဉ် ရေသွင်းချိန်ဇယားများ)နှင့် မဟာဗျူဟာမြောက် ရေရှည်စီမံကိန်းများ (ဥပမာ- ရာသီ ဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်း) နှစ်ခုလုံးကို ပံ့ပိုးပေးသည်။
အနာဂတ်ရာသီဥတုအခြေအနေများကို တိကျစွာ ခန့်မှန်းနိုင်စွမ်းသည် ကြိုတင်ကာကွယ်မှုဆိုင်ရာ စိုက်ပျိုးရေးစီမံခန့်ခွဲမှုအတွက် အရေးကြီးပြီး အဆင့်မြင့်သင်္ချာမော်ဒယ်များ အသုံးချမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ခိုင်မာသော သင်္ချာမူဘောင်များ မရှိပါက ရာသီဥတုအချက်အလက်များသည် ကုန်ကြမ်းလေ့လာတွေ့ရှိချက်များ စုစည်းမှုအဖြစ်သာ ကျန်ရှိနေမည်ဖြစ်ပြီး ခေတ်မီစိုက်ပျိုးရေး ကဏ္ဍလိုအပ်သော “အချက်အလက် အခြေခံဆုံးဖြတ် ချက်ချမှတ်ခြင်း၊ ထုတ်လုပ်မှုတိုးတက်စေခြင်းနှင့် ခံနိုင်ရည်ရှိမှု တည်ဆောက်ခြင်းတို့ကို ပံ့ပိုးပေးသည့် လက်တွေ့ကျသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အချက်အလက်များ”အဖြစ် ပြောင်းလဲနိုင်မည် မဟုတ်သေးပါ။
စိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာများအတွက် အရေးပါသော ဇီဝစာရင်းအင်းပညာကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ အသုံးချသင်္ချာ ပညာနှင့် စာရင်းအင်းပညာဌာနကြီး တည်ထောင်ပြီး အထောက်အကူပြုပေးနိုင်ပါက ပိုမိုအကျိုးရှိနိုင်ပါလိမ့်မည်။
စာရေးသူ၏အတွေးတစ်စ
တက္ကသိုလ်များတွင် မိုးလေဝသပညာနှင့် ရာသီဥတုပညာသင်ကြားမှု၏ အရေးပါမှုကို အောက်ပါအတိုင်း ဆွေးနွေးတင်ပြပါမည်။
လက်တွေ့မိုးလေဝသခန့်မှန်းမှုနှင့် စီးပွားရေးဆိုင်ရာ အရေးပါမှု
စိုက်ပျိုးမွေးမြူရေး။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် မိုးရေချိန်၊ မုန်တိုင်းအခြေအနေ၊ မိုးခေါင်ခြင်း၊ ရေလွှမ်းခြင်းများကို ကြိုတင် ခန့်မှန်းနိုင်ခြင်းသည် စိုက်ပျိုးမွေးမြူရေးသမားများအတွက် အသက်သွေးကြောပင် ဖြစ်ပါသည်။ ကောက်ပဲသီးနှံစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့ကို ရာသီဥတုအခြေအနေအရ ညှိပေးနိုင်ပါသည်။
ကူးသန်းသွားလာရေးနှင့် ရေကြောင်းခရီး။ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းသွားလာရေး အတွက် မိုးလေဝသခန့်မှန်းချက်များသည် အလွန်အရေးကြီးပါသည်။ ဆိုးရွားသော ရာသီဥတုဒဏ်မှ ရှောင်ရှားကာ လုံခြုံရေးနှင့် စီးပွားရေးဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။
ဘေးအန္တရာယ်ကာကွယ်ရေး။ ဆိုင်ကလုန်း မုန်တိုင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်သတိပေးနိုင်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုကို လျှော့ချနိုင်ပါသည်။
နောက်လာမည့်မျိုးဆက်များအတွက် ပညာပေးခြင်း။ တက္ကသိုလ်များသည် ဤပညာရပ်ကို သင်ကြားပေးခြင်းဖြင့် မိုးလေဝသပညာရှင်၊ ရာသီဥတုပညာရှင်များ၊ သုတေသီများအဖြစ် မွေးထုတ်ပေးနိုင်သည်။
လူထုအသိပညာမြှင့်တင်ခြင်း။ ဤဘာသာရပ်မှ ကျွမ်းကျင်သူများသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများနှင့် လိုက်နာရမည့် နည်းလမ်းများကို လူထုထံသို့ ပြန်လည်မျှဝေနိုင်ပါသည်။
နိုင်ငံတကာ နာမည်ကြီးတက္ကသိုလ်များတွင် သင်ကြားပို့ချပေးနေသော မိုးလေဝသပညာ/ ရာသီ ဥတုပညာ မဟာသိပ္ပံ၊ ပါရဂူဘွဲ့သင်တန်းများအတွက် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်သိပ္ပံ၊ ရူပဗေဒ၊ သင်္ချာ၊ ပထဝီဝင် ပထမဘွဲ့ရ လူငယ်များ/တက္ကသိုလ် ဆရာ ဆရာမများ ကိုစေလွှတ်၍ ပြန်လာသောအခါ ဤဘာသာရပ် ဌာနအသစ်များ တည်ထောင်ဖွင့်လှစ်နိုင်ပါသည်။ ထို့နောက် နောင်မျိုးဆက်သစ်များကို သင်ကြား၊ သုတေသနများပြုစေခြင်းဖြင့် အခြားနိုင်ငံများကဲ့သို့ ရာသီဥတုဆိုးရွားမှုဒဏ်များကို အမိနိုင်ငံ အတွင်းရှိ အပင်၊ တိရစ္ဆာန်၊ ပြည်သူ ပြည်သားများက ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါကြောင်း ယုံကြည်မိပါသည်။ ။


