ဒီဇင်ဘာ ၁၂

သီရိလင်္ကာနိုင်ငံတွင် မကြာသေးမီက တိုက်ခတ်ခဲ့သော ဒစ်ဝါဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံ၏ မြေဧရိယာ၏ ငါးပုံတစ်ပုံရေလွှမ်းမိုးခံခဲ့ရပြီး လူဦးရေ ၂ ဒသမ ၃ သန်းခန့် ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့်လကုန်ပိုင်းက ကျွန်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၆၃၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၉၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် သို့မဟုတ် UNDP က သီရိလင်္ကာမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော မြေဟက်တာ ၁ ဒသမ ၁ သန်းကျော် ထိခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆက်လက်ပံ့ပိုးကူညီမှုများ ပေးအပ်ရန် ပူးပေါင်းဆောင်ရွက်ရန် သီရိလင်္ကာနိုင်ငံရှိ UNDP ဌာနေကိုယ်စားလှယ် Kubota Azusa က တောင်းဆိုထားကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို