ဝါရှင်တန်   ဒီဇင်ဘာ   ၁၄

ဗင်နီဇွဲလား ရေနံကဏ္ဍနှင့် ဆက်နွှယ်သည့် သင်္ဘောကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း  အမေရိကန်အစိုးရက ယမန်နေ့တွင် ပြောကြားသည်။

ပိတ်ဆို့အရေးယူမှုများတွင် ရေနံတင်သင်္ဘော ခြောက်စင်းနှင့် သင်္ဘောလုပ်ငန်း ခြောက်ခုတို့ပါဝင်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ကြေညာခဲ့သည်။ အဆိုပါ သင်္ဘောလုပ်ငန်းများက ဗင်နီဇွဲလားသမ္မတ မာဒူရိုအုပ်ချုပ်ရေးအတွက် ငွေကြေးအရင်းအနှီးများ ပံ့ပိုးပေးနေကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ၏ ဆွေမျိုး သုံးဦးကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများတွင် ပါဝင်ကြောင်း  စွပ်စွဲထားသည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် ၎င်း၏ ရာဇ၀တ်ဂိုဏ်းများသည် အမေရိကန်ပြည်သူများကို မူးယစ်ဆေးဝါးများပေးပို့ကာ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်လျက်ရှိကြောင်း   ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က ပြောကြားခဲ့သည်။

သမ္မတနီကိုလပ်စ်မာဒူရိုအစိုးရနှင့် ဆက်စပ်ကုမ္ပဏီများသည် ၎င်းတို့၏ ရာဇ၀တ်မှုများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဗင်နီဇွဲလားသမ္မတအပေါ် အမေရိကန်က အရှိန်မြှင့်ဖိအားပေးလျက်ရှိသည်။ ဗင်နီဇွဲလား ရေနံတင်သင်္ဘောကို ဖမ်းဆီးပြီးနောက် ပိတ်ဆို့အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်