ကိုလံဘို ဒီဇင်ဘာ ၁၄
သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီက ဆိုင်ကလုန်း ဒစ်ဝါ ဝင်ရောက် တိုက်ခတ်မှုကြောင့် နိုင်ငံ၏မြေယာ ငါးပုံတစ်ပုံ ပျက်စီးခဲ့ပြီး လူပေါင်း ၂ ဒသမ ၃ သန်းကို ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့်လကုန်တွင် သီရိလင်္ကာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး ပြည်သူ ၆၃၉ ဦး သေဆုံးပြီး ၁၉၀ ကျော် ပျောက်ဆုံးခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။ သီရိလင်္ကာမြေယာ ဟက်တာ ၁ ဒသမ ၁ သန်းကျော်သည် ရေလွှမ်းမိုးခံခဲ့ရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ရေဘေးသင့်ပြည်သူများ၏ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်ရန် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ ဌာနေကိုယ်စားလှယ် ကူဘိုတာ အာဇူဆာက တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


