တီဟီရန် ဒီဇင်ဘာ ၁၄
အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က BRICS သည် ကမ္ဘာ့အဆင့်တွင် တရားမျှတပြီး ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ချပေးနိုင်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က ပြောကြားလိုက်သည်။
အီရန်သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ၎င်းသည် တီဟီရန်မြို့၌ အီသီယိုးပီးယားလွှတ်တော် ဥက္ကဋ္ဌ တီရှေးချာဖိုးနှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။
အီရန်နှင့် အီသီယိုးပီးယား နှစ်နိုင်ငံလုံး သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် BRICS သို့ တရားဝင်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ BRICS ကို အပြန်အလှန်ဆက်သွယ်မှုများ တိုးချဲ့ရန်၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုများ နက်ရှိုင်းစေရန်နှင့် နိုင်ငံတကာစနစ်တွင် တစ်ဖက်သတ်ချဉ်းကပ်မှုများကို ရင်ဆိုင်ရန် ဘက်ပေါင်းစုံဆိုင်ရာ မူဘောင်တစ်ခုနှင့် အဖိုးတန်ပြီး မဟာဗျူဟာကျသော ပလက်ဖောင်းတစ်ခုအဖြစ် သမ္မတပီဇက်ရှ် ကီယန်က ပြောကြားသည်။
BRICS သည် နိုင်ငံများ၏ အမျိုးသား အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် လူ့ယဉ်ကျေးမှုများအတွက် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည့် ဆက်သွယ်မှုပုံစံသစ်ကို အထောက်အပံ့ဖြစ်စေသကဲ့သို့ ကမ္ဘာ့အဆင့်တွင် တရားမျှတပြီး ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကို ချထားပေးနိုင်ကြောင်း ၎င်းက ပြောသည်။
ထို့အတူ အီရန်နိုင်ငံအနေဖြင့် စီးပွားရေး၊ သံတမန်ရေး၊ ယဉ်ကျေးမှုနှင့် လုံခြုံရေးနယ်ပယ်များတွင် အီသီယိုးပီးယားနှင့် ဆက်ဆံရေးတိုးချဲ့ရန် အသင့်ရှိကြောင်း အလေးအနက်ပြောကြားသည်။
တစ်ဖက်တွင်လည်း လွှတ်တော်ဥက္ကဋ္ဌ ချာဖိုးက အီသီယိုးပီးယားသည် အီရန်နှင့် စီးပွားရေးဖလှယ်မှုများ တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ဆုံးဖြတ် ထားကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေခံများ ခိုင်မာစေရန်အတွက် ၎င်း၏ ဖွံ့ဖြိုးရေးဘဏ်အသစ်အပါအဝင် BRICS ၏ ယန္တရားများကို ထိရောက်စွာအသုံးချရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ


