ဆစ်ဒနီ  ဒီဇင်ဘာ  ၁၄

ဩစတြေးလျနိုင်ငံ    ဆစ်ဒနီမြို့ ဘွန်ဒီကမ်းခြေ၌   ဒီဇင်ဘာ   ၁၄ ရက်  ညပိုင်းက ပစ်ခတ်မှုကြောင့် ၁၂ ဦးထက်မနည်း  သေဆုံးခဲ့သည်ဟု  နယူးဆောက်ဝေးပြည်နယ်  ဝန်ကြီးချုပ်  ခရစ်မင်းစ်က   ပြောသည်။

ပြစ်မှုကျူးလွန်သူတစ်ဦးမှာ သေဆုံးသွားပြီး ကျန်တစ်ဦးကို ဖမ်းဆီးထားကြောင်း ဩစတြေးလျ အသံလွှင့်ကော်ပိုရေးရှင်း(အေဘီစီ)တွင် ဖော်ပြထားသည်။  နယူးဆောက်ဝေးပြည်နယ် ရဲမင်းကြီး မယ်လန်ယွန်က အဆိုပါတိုက်ခိုက်မှုကို   အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကြေညာခဲ့သည်။

ဒဏ်ရာရရှိသူ ၁၆ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အချို့မှာ အခင်းဖြစ်ပွားရာ   နေရာတွင်ပင် ကုသမှုခံယူနေရကြောင်း    ပြည်နယ်လူနာတင်ယာဉ်ဝန်ဆောင်မှုအသင်းက   ပြောသည်။   ဒုတိယသေနတ်သမားမှာ ဆေးရုံသို့ ပို့ဆောင်ပေးရသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ရဲအရာရှိနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း  ၂၀  ခန့် ပစ်ခတ်ခံခဲ့ရသည်ဟု နိုင်းနက်ခ်ဝါ့ခ်ရုပ်သံတွင်  ဖော်ပြထားသည်။  နောက်ထပ်ခြိမ်းခြောက်သည့် အန္တရာယ်မရှိတော့သော်လည်း အဆိုပါနေရာကို ရှောင်ရှားကြရန် အာဏာပိုင်များက  ပြည်သူများကို တိုက်တွန်းထားသည်။

သေနတ်သမား တစ်ဦးသည် ဆစ်ဒနီအနောက်တောင်ပိုင်း ဘွန်းနီရစ်ခ်မြို့မှ နာဗီးဒ်အာခရမ်ဆိုသူ ဖြစ်သည်ဟု အေဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။ ယခုအခါ  ၎င်း၏နေအိမ်ကို စီးနင်းရှာဖွေမှုများပြုလုပ်နေသည်ဟု     အရာရှိတစ်ဦးက   ပြောသည်။

ဒေသစံတော်ချိန် ညနေ  ၆ နာရီ မိနစ်   ၄၀ ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  လက်နက်ကိုင်ဆောင်ထားသည့်  လူနှစ်ဦးက  လူအုပ်ကို   ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်က ဘွန်ဒီ၌ ဖြစ်ပွားခဲ့သည့် မြင်ကွင်းသည် ထိတ်လန့်စရာကောင်းသည်ဟု ကြေညာခဲ့ပြီး နယူးဆောက်ဝေး ဝန်ကြီးချုပ် ခရစ်မင်းစ်က အဆိုပါအဖြစ်အပျက်အား   အလွန်အမင်းစိတ်မကောင်းဖြစ်မိသည်ဟု ပြောကြားခဲ့သည်။          

ဆင်ဟွာ