စပိန်လာလီဂါပွဲစဉ် (၁၆) မှ ဒီဇင် ဘာ ၁၄ ရက်နံနက်အစောပိုင်းက နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလိုနာနှင့် အိုဆာဆူနာအသင်းပွဲစဉ်တွင်     ဘာစီလိုနာအသင်းက တောင်ပံကစားသမား ရာဖင်ညာ၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

တန်းဆင်းဇုန်   ဖိအားရှိသည့် အိုဆာဆူနာအသင်းသည် အသင်းကြီး  ဘာစီလိုနာအသင်းကို မိနစ် ၆၀  ကျော်အထိ  အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် အနိုင်ဂိုးများ  ခွင့်ပြုပေးခဲ့ရသည့်အတွက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

ဘာစီလိုနာအသင်းကလည်း အမှတ်ပေးဇယားကို ရမှတ်ပြတ် ဆက်လက်ဦးဆောင်နိုင်ရန်  အိုဆာဆူနာအသင်းကို  တရစပ်ဖိအားပေး တိုက်စစ်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် ဘာစီလိုနာအသင်း အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည့်အတွက်  နစ်နာခဲ့ရသည်။ ဘာစီလိုနာအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် ဒုတိယနေရာမှ  အနီးကပ်ဖိအားပေးလျက်ရှိသည့် ပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းဘက် တစ်ပွဲပိုကစားပြီး ၇ မှတ်အသာဖြင့် အမှတ်ပေးဇယားကို  ဦးဆောင်နိုင်ခဲ့သည်။

အခြားပွဲစဉ် ရလဒ်များတွင် အက်သလက်တီကိုမက်ဒရစ်က ဗလင်စီယာကို နှစ်ဂိုး-တစ်ဂိုး၊  မာယော့ကာက အယ်ချီကို သုံးဂိုး- တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

မိုးဇက် - စုစည်းရေးသားသည်