ပရီမီယာလိဂ်ပွဲစဉ် (၁၆)အဖြစ် ဒီဇင်ဘာ ၁၄ ရက် နံနက် ၂ နာရီခွဲက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နှင့် အမှတ်ပေးဇယား အောက်ဆုံးမှ ဝုဖ်အသင်းပွဲစဉ်တွင် အာဆင်နယ်အသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
ပရီမီယာလိဂ် ပထမဆုံးနိုင်ပွဲရှာတွေ့ရေး အကောင်းဆုံးပြင်ဆင်လာသော ဝုဖ်အသင်းသည် အာဆင်နယ်အသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီး နိုင်ပွဲနှင့် ဆက်လက်ဝေးကွာခဲ့ရသည်။ ခံစစ်အဆိုးရွားဆုံးအသင်းအဖြစ် ရပ်တည်နေသော ဝုဖ်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
အမှတ်ပေးဇယားကို ရမှတ်ပြတ် ဦးဆောင်နိုင်ရေးအတွက် ပွဲအစပိုင်းကတည်းက ထိုးဖောက် တိုက်စစ်ဆင်ကစားနိုင်ခဲ့သော အာဆင်နယ်အသင်းသည် ဝုဖ်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် သွင်းဂိုးရရှိရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။
သို့သော်လည်း အာဆင်နယ်အသင်းသည် ပွဲအပြီးတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည့်အတွက် ဒုတိယနေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး ငါးမှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
ဝုဖ်အသင်းသည် ပရီမီယာ လိဂ် ၁၆ ပွဲ ကစားပြီးချိန်တွင် နိုင်ပွဲရရှိထားခြင်း မရှိသေးဘဲ သရေ နှစ်ပွဲနှင့် ရှုံးပွဲ ၁၄ ပွဲအထိ ရှိလာပြီဖြစ်သောကြောင့် တန်းဆင်း ဇုန်အန္တရာယ်မှ လွတ်မြောက်ရန် လက်ကျန်ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိရေး ကြိုးပမ်းအားထုတ်ရတော့မည် ဖြစ်သည်။
အခြားပွဲစဉ်အဖြစ် ချယ်ဆီးနှင့် အဲဗာတန်အသင်းပွဲစဉ်တွင် ချယ်ဆီးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လီဗာပူးနှင့် ဘရိုက်တန်အသင်း ပွဲစဉ်တွင်လည်း လီဗာပူးအသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ထို့အပြင် ဖူလ်ဟမ်အသင်းက တန်းဆင်းဇုန် မှ ဘန်လေအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
အောင်ဇော်


