နေပြည်တော် ဒီဇင်ဘာ ၁၅

 

ဗန်ကောက်မြို့အခြေစိုက် ထိုင်း-မြန်မာစီးပွားရေးလုပ်ငန်းကောင်စီက ကျန်းမာရေးဝန်ကြီးဌာန၏ ငလျင်တုံ့ပြန်ရေး လုပ်ငန်းများအတွက် လှူဒါန်းသော ဆေးနှင့် ဆေးပစ္စည်းများ လွှဲပြောင်းလက်ခံပွဲကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

လွှဲပြောင်းလက်ခံပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ထိုင်း-မြန်မာ စီးပွားရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ထိုင်းဘတ်ငွေ ၃ ဒသမ ၆ သန်းတန်ဖိုးရှိ ကျောက်ကပ်ဆေးစက် ငါးလုံး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်းအတွက် မြန်မာပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကျောက်ကပ်ဆေးစက်များ လှူဒါန်းမှုသည် ကျောက်ကပ်ရောဂါ ကုသရေး လုပ်ငန်းများတွင် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေပါကြောင်း၊ လှူဒါန်းသည့် ဆေးဝါးများကို မန္တလေးဆေးရုံကြီး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းကောင်စီဥက္ကဋ္ဌ Mr. Kich Aungvitulsatit က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

အဆိုပါ လွှဲပြောင်းလက်ခံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းကောင်စီမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံရနောင်းခရိုင် Federation of Thai Industries မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းကောင်စီမှ လှူဒါန်းသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများသည် ဒီဇင်ဘာ ၁၂ ရက်က ပထမအသုတ်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ဒုတိယအသုတ် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်