နေပြည်တော် ဒီဇင်ဘာ ၁၅

 

(၇၈)နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ လေတပ်စခန်းမှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက် ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးပြီး (၇၈)နှစ်မြောက် တပ်မတော် (လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး (အပေါ်ပုံ) စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာခဲ့သည်။

 

အလားတူ (၇၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည် နေ့အထိမ်းအမှတ် ပရိတ်တရား နာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၎င်းလေတပ်စခန်း၌ပင် ကျင်းပရာ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ကြွရောက်ချီးမြှင့်တော်မူကြသည်။ ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တက်ရောက်လာသော တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် တရားတော်များအား နာယူကြသည်။

 

ဆက်လက်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြပြီး သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်