နေပြည်တော် ဒီဇင်ဘာ ၁၅

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ အကြိမ်(၃၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်စိုးလင်းနှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

 

အစီအစဉ်အရ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ပညာရေးအဖွဲ့ အစည်းအဝေး ကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင် နေရာယူကြရာ မြန်မာ့ဆိုင်း တူရိယာအဖွဲ့က နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ ဘာသာရပ်ဆိုင်ရာဌာနများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့်ပုံရိပ် ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်းပညာ) ရရှိသူတို့ကို ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။

 

ဆက်လက်၍ ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

 

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး သူနာပြုပါရဂူဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန် ဒီပလိုမာ၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာမဟာ သိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး)၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်း နည်းပညာ ဒီပလိုမာ၊ အထူးကြပ်မတ်သူနာပြုစုမှု ဒီပလိုမာ၊ ခွဲစိပ်ခန်းသူနာပြုစုမှု ဒီပလိုမာ၊ သူနာပြု သိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ရရှိသူတို့အား ဘွဲ့များအပ်နှင်း ပေးအပ်ခဲ့သည်။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ အရာရှိများ နိုင်ငံတကာအဆင့်မီ အတတ်ပညာများ ရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေလွှတ်ခဲ့ရာ သူနာပြုပါရဂူဘွဲ့နှင့် သူနာပြုမဟာသိပ္ပံဘွဲ့ အတွက် ၁၉၉၈ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ် တို့တွင် သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ် သို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့ အတွက် ထိုင်းနိုင်ငံ Burapha University သို့ လည်းကောင်း စေလွှတ်ပညာ သင်ကြားစေခဲ့သည်။

 

အလားတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်း အထက်တန်း သူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှု သင်တန်းသို့လည်းကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါအထူးကြပ်မတ်ကုသမှု သင်တန်းသို့ လည်းကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာ သိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်းများသို့လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြုမဟာသိပ္ပံဘွဲ့ သင်တန်းသို့လည်းကောင်း ပညာတော်သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 သတင်းစဉ်