ကင်ရှာဆာ  ဒီဇင်ဘာ  ၁၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း တောင်ကီဗူပြည်နယ်၌  ပဋိပက္ခဖြစ်ပွားမှု ပြင်းထန်လာသောကြောင့်   ဒီဇင်ဘာ  ၁  ရက် မှစတင်ကာ  ကလေးသူငယ် ၁၀၀၀၀၀ ကျော် အပါအဝင်  လူပေါင်း ၅၀၀၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်) က  ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

တောင်ကီဗူပြည်နယ်၌ ပဋိပက္ခဖြစ်ပွားမှု လျင်မြန်စွာ မြင့်တက်လာမှုနှင့်ပတ်သက်ပြီး   အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ထိုကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ကလေးသူငယ်နှင့် မိသားစု ထောင် ပေါင်းများစွာမှာ ဘေးအန္တရာယ်ကင်းရေးအတွက်  ကွန်ဂိုနိုင်ငံအတွင်းသာမက အိမ်နီးချင်း ဘူရွန်ဒီနှင့်  ရဝမ်ဒါနိုင်ငံတို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း    ယူနီဆက်ဖ်က    ပြောသည်။

ကလေးသူငယ်များကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကို လေးစားလိုက်နာကြရန် ပဋိပက္ခဖြစ်ပွားမှုတွင် ပါဝင်သူအားလုံးကို ယူနီဆက်ဖ်က တောင်းဆိုထားသည်။ ပဋိပက္ခဖြစ်ပွားမှုများ ဆက်လက်ကူးစက် ပျံ့နှံ့လာသည်နှင့်အမျှ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သူအရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။ 

ဆင်ဟွာ