ထိုင်း ဒီဇင်ဘာ ၁၅
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ ခရစ်ကက်၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘော်လီဘော၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့် စနူကာ၊ ကဘာဒီ၊ ကစ်ဘောင်ဆင်၊ ဖူဆယ်၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဝူရှူး၊ မွေ၊ E-Sport၊ စစ်တုရင်၊ အပြည်ပြည်ဆိုင်ရာလှေ၊ အလေးမ၊ ရွက်လှေနှင့် ဟော်ကီပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဘန်ကောက်မြို့ရှိ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတိုပြိုင်ပွဲတွင် မြန်မာအသင်းမှ ရဲထွန်းနောင်နှင့် ခိုင်ခိုင်ဝေတို့အတွဲ တတိယလုပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ဘန်ကောက်မြို့ရှိ Thunder Dome Muang Thong Thani, Nothaburi ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့် စနူကာ အားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ဘုန်းမြင့်ကျော်နှင့် အင်ဒိုနီးရှားအသင်းမှ Dhendy Kristanto တို့၏ ယှဉ်ပြိုင်နေမှုနှင့် ဘန်ကောက်မြို့ရှိ Chaeng Watt Hana Government Conplex (Multi-Purpose A rea, 2nd Floor, Rat-thaprasanab Hakti Building ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းမှ မြန်မာအားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မြန်မာအသင်းအနေဖြင့် ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ရေကူးအားကစားနည်း အမျိုးသား မီတာ ၂၀၀ ရင်ပေါင်တန်းကူးပြိုင်ပွဲများ၊ ခရစ်ကက်အားကစားနည်း အမျိုးသမီး T20i ပြိုင်ပွဲ၊ မြားပစ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း အားကစားနည်း အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသား+အမျိုးသမီး ၁၀ မီတာ (Air Pistol) လေပစ္စတိုပြိုင်ပွဲ၊ ဘော်လီဘော အမျိုးသားပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး ၆၅-၇၀၊ ၅၅-၆၀၊ ၇၅-၈၀၊ ၈၅-၉၀၊ ကီလိုတန်းပြိုင်ပွဲများ၊ ဘိလိယက်နှင့်စနူကာ အားကစားနည်း အမျိုးသား Snooker တစ်ဦးချင်းပြိုင်ပွဲ၊ ကဘာဒီအားကစားနည်း အမျိုးသား Super five ပြိုင်ပွဲ၊ ကစ်ဘောင်ဆင် အမျိုးသမီး K1-52 kg ပြိုင်ပွဲနှင့် Point Fighting -50 kg ပြိုင်ပွဲ၊ ဖူဆယ်အမျိုးသမီးပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသား လှံတံပစ်ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲ၊ ဘတ်စကက်ဘော အားကစားနည်း အမျိုးသား ငါးယောက်တွဲပြိုင်ပွဲ၊ ဝူရှူးအားကစားနည်း အမျိုးသား၊ အမျိုးသမီး နန်းကွန့်၊ ထိုက်ကျိကျန့်၊ အတွဲအတိုက်(လက်နက်)၊ အတွဲအတိုက် (လက်နက်မဲ့)နှင့် ဆန်းဆိုအမျိုးသမီး ၅၆၊ ၆၀ ကီလိုတန်းပြိုင်ပွဲများ၊ မွေအားကစားနည်း -၅၄ နှင့် -၇၁ ကီလိုတန်းပြိုင်ပွဲ၊ E-Sports အားကစားနည်း အမျိုးသားအသင်းလိုက်(MLBB)ပြိုင်ပွဲ၊ စစ်တုရင် အားကစားနည်း ထိုင်းရိုးရာစစ်တုရင်အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက် လေးယောက်တွဲ အမြန်ရွှေ့ပြိုင်ပွဲ၊ လှေလှော်အားကစားနည်း အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီး ကမ်းရိုးတန်း၊ ကမ်းခြေ တစ်ယောက်လှော် နှစ်တက်ပေါင်း ရှစ်တက်လှော်ပြိုင်ပွဲ၊ အမျိုးသား နှစ်ယောက်လှော် နှစ်တက်ပေါင်း လေးတက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး လေးယောက်လှော် နှစ်တက်ပေါင်း ရှစ်တက်လှော်ပြိုင်ပွဲ၊ အလေးမအားကစားနည်း အမျိုးသား ၇၉ ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး ၆၃ ကီလိုပြိုင်ပွဲနှင့် ရွက်လှေအားကစား နည်း Keel SSL 47 ပြိုင်ပွဲ၊ ဟော်ကီ အားကစားနည်း အမျိုးသား ကွင်းပြင်ဟော်ကီပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဝူရှူးအားကစားနည်း အမျိုးသား သွေ့လျန်(လက်နက်မဲ့)ပြိုင်ပွဲတွင် တင့်ထူးဝေနှင့် ရဲရင့်ထွန်းတို့ အတွဲက ငွေတံဆိပ်ဆု၊ အမျိုးသမီး သွေ့လျန်(လက်နက်)ပြိုင်ပွဲတွင် ခိုင်စန္ဒာစိုးနှင့် သုပန်ထွာတို့ အတွဲက ကြေးတံဆိပ်ဆု၊ ဆန်းဆို အမျိုးသမီး ၆၀ ကီလိုပြိုင်ပွဲတွင် နှင်းနုဝါက ငွေတံဆိပ်ဆု၊ အမျိုးသမီး ၅၆ ကီလိုတန်းပြိုင်ပွဲတွင် ချယ်ရီသန်းက ငွေတံဆိပ်ဆုများ မြန်မာနိုင်ငံအတွက် ရယူ ပေးနိုင်ခဲ့သည်။
ယမန်နေ့ပြိုင်ပွဲများဖြစ်သည့် ပြေးခုန်ပစ်အားကစားနည်း အမျိုးသား ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ နိုင်လင်းထွန်းသည် ထိုင်း၊ မလေးရှား၊ လာအိုနှင့် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာ စံချိန် ၁:၃၇.၅၅ စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မေထက်သည် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ရာ စံချိန် ၁:၄၇.၄၁ စက္ကန့်ဖြင့် မြန်မာနိုင်ငံ အတွက် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ရွက်လှေအားကစားနည်းမှ Boy’s ILCA 4.7 ပြိုင်ပွဲတွင် ခွန်ထွန်းဦးက မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကိုလည်းကောင်း ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
မြန်မာအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာ ၁၅ ရက် ပြိုင်ပွဲ ပွဲစဉ် များဖြစ်သည့် ဝူရှူးအားကစားနည်း သွေ့လျန်(လက်နက်မဲ့)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် တင့်ထူးဝေနှင့်ရဲရင့်ထွန်းတို့အတွဲ၊ ဆန်းဆို အမျိုးသမီး ၆၀ ကီလိုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် နှင်းနုဝါနှင့် အမျိုးသမီး ၅၆ ကီလိုတန်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ချယ်ရီသန်းတို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းက ငွေတံဆိပ်ဆုအတွက် USD $ 200 နှင့် ကြေးတံဆိပ်ဆုအတွက် USD $ 100 ၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အားကစားအောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်သည့် ထိုင်းဘတ်ငွေ 10000၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာက ငွေတံဆိပ်ဆုရရှိသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈၀၊ ကြေးတံဆိပ်ဆုရရှိသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ နှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဒီဇင်ဘာ ၁၅ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၂၂ ခု စုစုပေါင်း ဆုတံဆိပ် ၄၂ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၇ တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


